ကာ့ဒ်တိုက်ခိုက်ရေးသမားများကို လက်နက်ထောက်ပံ့မည်ဟု ဒေါ်နယ်ထရမ့် ဆုံးဖြတ်

May 10, 2017

ကာ့ဒ်တိုက်ခိုက်ရေးသမားများကို လက်နက်ထောက်ပံ့မည်ဟု ဒေါ်နယ်ထရမ့် ဆုံးဖြတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နေတိုးအဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ တူရကီဘက်က ကန့်ကွက်နေတဲ့ကြားက ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကို လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ကာ့ဒ်လက်နက်ကိုင်အဖွဲ့ (ဝိုင်လ်ပီဂျီ) က ဆီးရီးယားနိုင်ငံ မြို့တမြို့ဖြစ်တဲ့ ရက္ကာကို အိုင်အက်စ်အဖွဲ့ရဲ့ လက်တွင်းကနေ ပြန်ရဖို့ တိုက်ခိုက်သွားမယ်လို့ အမေရိကန်အစိုးရ အရာရှိတွေနဲ့ အိမ်ဖြူတော်ပြောခွင့်ရသူ ရှောင်စပိုက်ရှာက အတည်ပြုပြောဆိုပါတယ်။ အမေရိကန်အစိုးရဟာ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ အမည်ခံ အာရပ်လက်နက်ကိုင် အဖွဲ့ကို အရင်ကတည်းက လက်နက်ထောက်ပံ့ပေးနေတာပါ။ ဒီအဖွဲ့ထဲမှာ ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားတွေလည်း ပါဝင်ပါတယ်။ တူရကီအစိုးရဘက်ကတော့ ဆီးရီးယားအခြေစိုက် ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေကို   ၁၉၈၄ ခုနှစ်ကတည်းက တူရကီတောင်ပိုင်းမှာ အစိုးရကို ဆန့်ကျင်နေတဲ့ သောင်းကျန်းသူတွေနဲ့ တဖွဲ့တည်းလို့ ရှုမြင်ထားပါတယ်။
4 years Ago
Up