ကာ့ဒ်

August 27, 2015

အိုင်အက်စ် သိမ်း ကျေးရွာ ၁၀ ရွာကို ကာ့ဒ်တပ်ဖွဲ့ ပြန်သိမ်းပိုက်

အီရတ်မြောက်ပိုင်း ကာကွပ်ခရိုင်ထဲ အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ ကျေးရွာ ၁၀ ရွာကို ပက်ခ်ျမာဂါ ကာ့ဒ်တပ်ဖွဲ့တွေက သြဂုတ် ၂၆ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရခဲ့တယ်လို့ ကာ့ဒ်တပ်ဖွဲ့တွေက ဆိုပါတယ်။ ဘဂ္ဂဒက်မြို့တော်မြောက်ဘက် ၁၁၀ မိုင်အကွာမှာ ပက်ခ်ျမာဂါကာ့ဒ်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်နဲ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းမှာ စစ်ဆင်ရေး စတင်ခဲ့ပြီး ညနေပိုင်းမှာ ၂၄ စတုရန်းကီလိုမီတာကို သိမ်းပိုက်ရမိခဲ့တယ်လို့ ပက်ခ်ျမာဂါကာ့ဒ်တပ်ဖွဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ဆင်ရေးအတွင်း အမေရိကန် တိုက်လေယာဉ်တွေက လေကြောင်းပစ်ကူပေးခဲ့ပြီး အိုင်အက်စ်အကြမ်းဖက် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ကာ့ဒ်တပ်ဖွဲ့တွေဘက်က ၅ ဦးသေဆုံးခဲ့ပြီး ပြုပြင်ထားတဲ့ လမ်းဘေးထောင်ဗုံးထိပြီး သေဆုံးကြတာလို့ ကာ့ဒ်တပ်မှူးကြီးတဦးက ဆိုပါတယ်။ ပက်ချမာဂါ ကာ့ဒ်တပ်ဖွဲ့တွေဟာ သူတို့ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ အီရတ်မြောက်ပိုင်းက နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နယ်မြေတွေကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ နေရာတွေကလွဲရင် ဆွန်နီမွတ်စလင် အများစုနေထိုင်ရာ ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဆန္ဒမပြင်းပြကြပါဘူး။ ပက်ချမာဂါကာ့ဒ်တပ်ဖွဲ့တွေဟာ အမေရိကန်ဦးဆောင်တဲ့ အိုင်အက်စ် အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးမှာ အဓိကကျတဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။ ရေနံကြွယ်ဝပြီး အီရတ်အစိုးရနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကာကွပ်မြို့ကို အိုင်အက်စ် အကြမ်းဖက်တွေ လက်ထဲကနေ ပြီးခဲ့တဲ့နှစ်က ကာ့ဒ်တပ်ဖွဲ့တွေက သိမ်းယူခဲ့တာပါ။ အဲဒီနောက်ပိုင်း အီရတ်ကာ့ဒ်တွေရဲ့ သမိုင်းဝင်မြို့လို့ ကြေညာထားတဲ့ ကာကွပ်မြို့ အိုင်အက်စ်တွေလက်ထဲ ပြန်မကျအောင် ပတ်ဝန်းကျင်နယ်မြေတွေကို ထိုးစစ်ဆင် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
6 years Ago

August 13, 2015

တူရကီတွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် ရဲအရာရှိ ၄ ဦး သေဆုံး (ရုပ်သံ)

တူရကီနိုင်ငံအရှေ့တောင်ပိုင်းက စီလိုပီမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့က လမ်းဘေးဗုံးကြောင့် ရဲအရာရှိ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပြီးနောက် လုံခြုံရေး တင်းကျပ်ထားပါတယ်။ ကာ့ဒ်လူမျိုးတွေ အများစု နေထိုင်တဲ့ဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အခုနောက်ဆုံး တိုက်ခိုက်မှုကတော့ ရဲကား ဖြတ်သွားချိန်မှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ စာနက်မြို့မှာလည်း စစ်ရဟတ်ယာဉ်ပေါ်က စစ်သားတဦးကို ကာ့ဒ်စစ်သွေးကြွတွေက သေနတ်နဲ့ လှမ်းပစ်လို့ သေဆုံးခဲ့တဲ့အပြင် တခြား စစ်သား ၇ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ တူရကီစစ်တပ်က အီရတ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကာ့ဒ် အလုပ်သမားပါတီ (ပီကေကေ) ရဲ့ စခန်းတွေကို ဇူလိုင် ၂၄ ရက်နေ့က လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ စစ်သွေးကြွ ၂၆၀ ကျော် သေဆုံးခဲ့ရာမှာ ပီကေကေ ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ သြဂုတ် ၁ ရက်နေ့အထိ ဒဏ်ရာရသူ ၄၀၀ လောက် ရှိတယ်လို့လည်း ပြောပါတယ်။ အခုလို တိုက်ခိုက်မှုတွေကြောင့် သမ္မတ တာရစ် အာဒိုဂံနဲ့ ပီကေကေတို့ကြားမှာ ၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း တစစီ ပျက်စီးသွားရပါတယ်။
6 years Ago
More News
Up