ကာလ၀မ်းရောဂါ

A d v e r t i s e m e n t With Us

January 1, 2018

ကာလ၀မ်းရောဂါ တိုက်ဖျက်ရေး ကူညီရန် စစ်တပ်ကို ဇမ်ဘီယာသမ္မတ အမိန့်ပေး

ဇမ်ဘီယာနိုင်ငံအတွင်း ကာလဝမ်းရောဂါ ကူးစက်နေမှု တိုက်ဖျက်ရေးမှာ ကူညီဖို့ သမ္မတ အဒ်ဂါ လွန်ဂူက စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။ ဇမ်ဘီယာနိုင်ငံမှာ စက်တင်ဘာ နှောင်းပိုင်းတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါ ကူးစက်မှုကြောင့် မြို့တော်မှာ လူ ၄၁ ဦး သေပြီး အယောက် ၁၅၀၀ ကျော် နေမကောင်း ဖြစ်ခဲ့ပါတယ်။ သန့်ရှင်းရေး စံချိန်နဲ့ မပြည့်မီမချင်း နောက်ထပ်ကူးစက်မှု ဖြစ်စေနိုင်တဲ့ဘေး ရှိနေတဲ့ ဈေးတွေ၊ အရက်ဆိုင်တွေ တခြားနေရာတွေ အားလုံးကို ပိတ်ထားဖို့ အစိုးရ အရာရှိတွေက သတ်မှတ်ခဲ့ပါတယ်။ ရေကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ထိန်းချုပ်ရေး အရေးပေါ် လုပ်ဆောင်ချက်တွေကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ လုစာကာမြို့က ဆိုဝီတို ဈေးသစ်လို ဈေးတွေကိုလည်း ပိတ်ခဲ့ပါတယ်။ “မြို့သန့်ရှင်ရေးအတွက် စစ်သည်အယောက် တထောင်ကို တာဝန်ချထားတယ်၊ ရလဒ်ကို တိုင်းတာပြီးရင် ပိုပြီး တာဝန်ချကောင်းချမယ်” လို့ သမ္မတရဲ့ ပြောခွင့်ရ အားမို့စ် ချန်ဒါက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ကူးစက်မှုဟာ အစောပိုင်းမှာ ရေဆိုးတွေကနေ ကူးစက်နိုင်တဲ့ လုစာကာမြို့ရဲ့ လူထူတဲ့ အစိတ်အပိုင်းတွေမှာ စတင်ကူးစက်ခဲ့တာပါ။ နောက်ပိုင်းမှာ ကာလဝမ်းဟာ လူနေ သိပ်သည်းမှု နည်းတဲ့ ဒေသဆီကို ပြန့်လာတယ်လို့ အရာရှိတွေက ပြောပါတယ်။ ရုတ်တရက် အရည်ချည်းသာပါတဲ့ ဝမ်းတွေ ဒလဟော သွားတတ်တဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ကာလဝမ်းရောဂါကို ပုံမှန် ဓာတ်ဆားဖျော်ရည်နဲ့ ကုသနိုင်ပေမယ့် ရောဂါက အမြန်ကူးစက်လို့ ဆေးမကုလိုက်ရဘဲ နာရီပိုင်းအတွင်း လူသေဆုံးမှု ဖြစ်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
3 years Ago

May 30, 2016

ဟေတီတွင် ကာလ၀မ်းရောဂါကြောင့် ကျန်းမာရေး အနီရောင်အဆင့် တပ်လှန့်

နိုင်ငံရေး အကျပ်အတည်း ရင်ဆိုင်နေရတဲ့ ဟေတီနိုင်ငံမှာ ကျန်းမာရေးအတွက် အနီရောင်အဆင့် တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ၂၀၁၀ ငလျင်အပြီး ဆယ်လအကြာတည်းက ကာလဝမ်းရောဂါ ကူးစက်မှု စတင်ခဲ့တာပါ။ ကူးစက်မှု ဆက်လက်ပြန့်ပွားအပြီး ဒီနှစ် တနှစ်တည်းမှာ လူအယောက် ၁ သောင်း ၆ ထောင်ကို ကူးစက်ခဲ့တယ်လို့ ဟေတီ ကျန်းမာရေးနဲ့ လူဦးရေဝန်ကြီးဌာနက ဆိုပါတယ်။ ကူးစက်မှုကြောင့် သေဆုံးသူ ၁၇၅  ဦးရှိခဲ့ပြီး ဧပြီနဲ့ မေ ၂ လအတွင်း အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဌာနလေးခုကနေ အနီရောင်အဆင့် တပ်လှန့်သတိပေးမှု ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြို့တော် ပို့တ်အူပရင့်စ်နဲ့ အနားဝန်းကျင်မှာ ကျန်းမာရေးဌာနတွေ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပြဿနာကို ခေတ်သစ်သမိုင်းမှာ အကြီးဆုံးနဲ့ ပေါက်ကွဲမှုအပြင်းဆုံး ကာလဝမ်းကူးစက်မှုလို့ ကျန်းမာရေးဂျာနယ်က ဆိုပါတယ်။ ကူးစက်မှုတိုက်ဖျက်ရေး နိုင်ငံအဆင့် ညှိနှိုင်းမှုတာဝန်ခံ ဒေါ်နယ် ဖရန်ဆွားကတော့ ပြဿနာကို ဖြေရှင်းဖို့ စိန်ခေါ်မှုတွေထဲက တခုက သင့်တော်တဲ့ ရေချိုးခန်းတွေ မရှိတာလို့ ပြောပါတယ်။ ကာလဝမ်းကူးစက်မှု တိုက်ဖျက်ရေး အဆင့် ၃ ဆင့် ခွဲခြားသတ်မှတ်ထားပြီး အခုတော့ ဒုတိယအဆင့်ကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဧပြီနဲ့စာရင် မေလမှာ ကူးစက်သေဆုံးမှု ကျဆင်းလာလို့ တိုးတက်မှုရှိတယ်လို့လည်း ဆိုပါတယ်။ ကာလဝမ်း စတင်ကူးစက်ချိန်ကနေ ခုချိန်ထိ သေဆုံးသူ အကြမ်းဖျင်း အယောက် ၁ သောင်းလောက် ရှိခဲ့ပြီးပါပြီ။ ခန့်မှန်း ကူးစက်ခံဦးရေဟာ တကယ်ကူးစက်ခံရသူ ဦးရေထက် လျော့နည်းနိုင်တယ်လို့ အရေးပေါ် ကူးစက်ရောဂါဌာနက ဆိုပါတယ်။
5 years Ago
Up