ဝေဖန်ခံနေရတဲ့အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေမူကြမ်းကို လက်ရှိလွှတ်တော် သက်တမ်း အတွင်း အချိန်မမီတော့လို့ တင်သွင်းသွားမှာ မဟုတ်ဘူးလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဇန်န၀ါရီလ ၅ ရက်ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဦးခင်အောင်မြင့်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“အဲဒီဥပဒေကဒီလွှတ်တော်ကို ရောက်နေတာ။ ၂နှစ်ရှိပြီဆိုတော့ ဘာလို့ မလုပ်ဖြစ်လည်းဆိုတဲ့ အခါကြတော့ ဘာတွေထပ်လိုဦးမလည်းဆိုတာမျိုးပေါ့။ ကာလုံအတွက် အင်စတီကျုးရှင်းက အတော်မြင့်တဲ့ အင်စတီကျုးရှင်း။ ဒီအင်စတီကျုးရှင်းတစ်ခုမှာ ဥပဒေပြဌာန်းဖို့တော့သင့်တယ်။ သင့်ပေမယ့် အတွေ့အကြုံ မရှိသေးဘူး။ မရှိသေးတော့ ဘာတွေထပ်လိုဦးမလည်း စောင့်ရင်းစောင့်ရင်းနဲ့ မလုပ်ဖြစ်တာ ၂နှစ် ပြည့်တော့မယ်။ အခုဟာ အချိန်ကမရတော့ဘူး။ မရတော့ မူလတင်တဲ့ ပုဂ္ဂိုလ်ကလည်း ကျန်းမာရေးက တော်တော်အခြေ အနေဆိုးနေပြီး။ ရက်ကလည်း သိပ်မရှိတော့ဘူး။ မတင်ပါဘူး၊ လုပ်ငန်း လက်ကျန်အနေနဲ့ နောက်လူတွေ လုပ်ချင်လည်း လုပ်လို့ရအောင်၊ မလုပ်ချင်လည်း မလုပ်နဲ့ပေါ့။ ဘာမှ မလုပ်ဘဲထားခဲ့မယ့်ကိစ္စပါ။ အခု မမီတော့ဘူး။ အလုပ်လုပ်ဖို့ ၁၉ ရက်ပဲ ကျန်တော့တယ်”
အဆိုပါအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြကတင်ပြထားတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လေ့လာနိုင်ဖို့ ၂၀၁၅ ဒီဇင်ဘာလထဲမှာ ဖြန့်ဝေခဲ့တာပါ။
ဒီဥပဒေဟ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ပိုင်ခွင့်အာဏာ ပိုမိုတိုးချဲ့ အကာအကွယ်ပေးထားတဲ့ ဥပဒေ၊ သမ္မတရဲ့အထက်ကနေ ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ ဥပဒေအဖြစ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကတော့ ပြင်ဆင်လို့ရတဲ့ဥပဒေဖြစ်ပြီး ဥပဒေမူကြမ်း အဆင့်တောင် မရောက်သေးတဲ့အတွက် စိုးရိမ်စရာမလိုဘူးလို့ မီဒီယာတွေကို ပြောပါတယ်။
7 years Ago