ကာလုံခေါ်

September 18, 2020

ရွေးကောက်ပွဲအချိန်မီမကျင်းပနိုင်ပါက အရေးပေါ်အခြေအနေကို ကာလုံခေါ်ပြီး ကြေညာရန် ကြံ့ခိုင်ရေးပါတီပြော 

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို အချိန်မီမကျင်းပနိုင်ရင် အရေးပေါ်အခြေအနေကို ကာလုံခေါ်ပြီး ကြေညာရမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာနေတဲ့ အခြေအနေမှာ  နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ်လို့ ကြေညာထားတဲ့ အထွေထွေရွေးကောက်ပွဲကို ပုံမှန်အတိုင်းကျင်းပလိုတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို နောက်ဆုတ်ကျင်းပချင်တဲ့ ပါတီတွေလည်း ရှိနေတာပါ။  တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ အချိန်မီမကျင်းပနိုင်ရင် အရေးပေါ်အခြေအနေကို ကာလုံခေါ်ပြီး ကြေညာရမယ်လို့သာ သိရှိထားတယ်လို့ ကြံ့ခိုင်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။ ရွေးကောက်ပွဲကို နောက်ဆုတ်လိုက်မယ်ဆိုရင် ကိုဗစ်ကြောင့်ဖြစ်နေတဲ့ ကျန်းမာရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းအပြင် နိုင်ငံရေးအကျပ်အတည်းပါ ထပ်တိုးလာနိုင်ပြီး ပိုကြီးမားတဲ့အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက်ထက် အလွန်ဆုံး တစ်လခွဲသာ နောက်ဆုတ်လို့ရနိုင်ပြီး အဲဒီတစ်လခွဲအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို စိတ်ချရတဲ့အထိ ထိန်းသိမ်းနိုင်မလားဆိုတဲ့အပေါ်ကိုလည်း ဘယ်သူမှ အာမမခံနိုင်ဘူးလို့ဆိုပါတယ်။ အဲဒီတစ်လခွဲထက် ပိုပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းရမယ်ဆိုရင် လက်ရှိလွှတ်တော်နဲ့ နောက်တက်လာမယ့် လွှတ်တော်နှစ်ရပ်ကြား မဆက်မိဘဲ ကွာဟသွားတာတွေရှိလာမှာဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရေးမှာ အခက်အခဲဖြစ်လာနိုင်သလို အဲဒီလို အခြေအနေမျိုးမှာ နိုင်ငံရေးအရ ကျယ်လောင်လာနိုင်တယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျပ်အတည်းတွေမဖြစ်လာခင် ထိန်းသိမ်းနိုင်တဲ့အနေအထားမှာပဲ ရွေးကောက်ပွဲကျင်းပဖို့ သင့်တော်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ အခြေအနေကို နားလည်ပေမယ့် အဲဒီကပ်ရောဂါဟာ အချိန်တိုအတွင်း ထိန်းချုပ်နိုင်တဲ့ ရောဂါမဟုတ်တဲ့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုရင် မလိုလားအပ်တဲ့ မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာမှာကို စိုးရိမ်တယ်လို့ တိုင်းရင်းသား ပါတီချို့က ဆိုပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ သူတို့အနေနဲ့ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာ၊ မရွှေ့ဆိုင်းတာပေါ် သဘောထားမှတ်ချက်မပေးလိုဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ ကိုဗစ်ကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်ရင် နိုင်ငံရေးအရ အကျပ်အတည်းတွေ၊ မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာမယ်ဆိုတဲ့ အမြင်အပေါ် ပြည်သူ့ပါတီကတော့ လက်မခံဘူး   လို့ဆိုပါတယ်။ ကိုဗစ်ကူးစက်မှုမပျံ့နှံ့အောင် တစ်ရက်နောက်ဆုတ်လည်း တစ်ရက်အကျိုးရှိတယ်လို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်က ပြောပါတယ်။ လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားတဲ့ ယန္တရားဟာ နောက်ထပ် ယန္တရားမတက်လာမချင်း တာဝန်ယူရမှာဖြစ်လို့ အကျည်းအတည်းဖြစ်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် (မောင်စာဂ)ရေးသားတဲ့ ဆောင်းပါးကို ကိုးကားပြီးသူက ပြောပါတယ်။ ဒါကြောင့် ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲရက်ကို ပြန်လည်ဆွေးနွေးသင့်တယ်လို့ ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်က ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီ အပါအဝင် ၂၄ ပါတီကလည်း ရွေးကောက်ပွဲရက်သတ်မှတ်ထားတာကို ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။ သတင်း-ထက်ဝေအောင် / ဓာတ်ပုံ- USDP
8 months Ago
Up