ကာရာအိုကေသရဲမ

April 2, 2018

ကာရာအိုကေစက်ထဲမှ မကျွတ်မလွတ်ဖြစ်နေသည့် သရဲမ (ရုပ်ရှင်)

Premika လို့ခေါ်တဲ့ သရဲမဟာ ကာရာအိုကေစက်ထဲမှာ စွဲကပ်ပြီး မကျွတ်မလွတ် ဖြစ်နေပါတယ်။ သူဘယ်သူဘယ်ဝါဆိုတာလည်း မသိရသလို ဘယ်လိုကြောင့် ကာရာအိုကေစက်ထဲမှာ စွဲကပ်နေတယ်ဆိုတာလည်း မသိကြပါဘူး။ Premika ဆိုတဲ့ နာမည်ဟာလည်း သူဝတ်ဆင်ထားတဲ့ အဝတ်အစားတံဆိပ်ကို အစွဲပြုပြီး ခေါ်ကြတာပါ။ ဒီလိုနဲ့ ညတညမှာ တစုံတယောက်က Premika စွဲကပ်နေတဲ့ ကာရာအိုကေစက်ကို ဖွင့်လိုက်မိပြီး Premika တယောက် နိုးထလာခဲ့ပါတယ်။ အဲဒီကစလို့ ကာရာအိုကေအခန်းထဲကို ဝင်တဲ့လူမှန်သမျှကို ခြောက်လှန့်ပြီး မိုက်ခရိုဖုန်းကို ထိုးပေးလို့ သီချင်းဆိုခိုင်းပါတယ်။ သီချင်းဆိုရုံနဲ့လည်း မပြီးဘဲ ဆိုတဲ့လူက သီချင်းဆိုတာ မကောင်းရင်ဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ်၊ ကီးလွဲတာဖြစ်ဖြစ် Premika က အဲဒီလူကို နှိပ်စက်ပြီး သတ်ပစ်ပါတော့တယ်။ Premika ရဲ့ ခြောက်လန့်မှုကို ခံရတဲ့ထဲမှာ လူငယ်တစုလည်း ပါဝင်ပါတယ်။ သူတို့ရော Premika ရဲ့လက်ကနေ လွတ်အောင် ဘယ်လိုမျိုး သီဆိုဖျော်ဖြေကြမလဲ။ Premika ကရော ဘယ်လိုကြောင့် သေပြီး ကာရာအိုကေသရဲမ ဖြစ်နေရတာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါကတော့ သရဲကားတွေကို ဟာသနဲ့ရောပြီး ဆန်းဆန်းပြားပြားလေးတွေ ရိုက်တတ်တဲ့ ထိုင်းနိုင်ငံက သရဲကားအသစ်လေးပါ။ ကြည့်ရှုသူကို ထိတ်လန့်စရာရော၊ ရယ်မောပျော်ရွှင်စရာအပြင် အခုတခါမှာတော့ တေးသီချင်းဖျော်ဖြေမှု ရသကိုပါ ပေးမယ့် သရဲကားပါ။ ဒီဇာတ်ကားကို မကြာခင် JCGV ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ - Siwakorn Charupongsa သရုပ်ဆောင်များ - Natthasit Kotimanuswanich, Gena Desouza, Pramotte Pathan, Kidakarn Chatkawmanee and Anongnart Yusananda ကြာချိန် - ၁ နာရီ ၃၀ မိနစ် ကျော်နေသွေး
3 years Ago
Up