ကာရာအိုကေမယ်

May 10, 2018

ကာရာအိုကေမယ်အား သတ်ခဲ့သည့် ထိုင်းမိန်းမချော ၂ ဦးကို ထောင်ဒဏ် ၃၄ နှစ်စီ ချမှတ်

ကာရာအိုကေမယ်အား သတ်ဖြတ်မြေမြှုပ်ပြီး မြန်မာနိုင်ငံ တာချီလိတ်ဘက် ပုန်းရှောင်ခဲ့တဲ့ ထိုင်းမိန်းမချော ပျို့နဲ့ အပေါင်းပါတွေကို အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အမြင့်ဆုံး ၃၄ နှစ်အထိ အသီးသီး ချမှတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင် ခေါဝ်ဆွန်ကဝမ်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် မေလက ကာရာအိုကေမယ်ကို လုပ်ဖော်ကိုင်ဘက် ပျို့ ခေါ် ပီယာနွတ်ဆိုသူ မိန်းကလေးနဲ့  အပေါင်းပါတစုက အပိုင်းပိုင်းခုတ်ထစ်ပြီး မြေမြှုပ်ခဲ့တဲ့အမှု ဖြစ်ပွားခဲ့တာပါ။ အဓိကတရားခံဖြစ်တဲ့ ပျို့ ခေါ် ပီယာနွတ်နဲ့ အပေါင်းပါ မိန်းကလေး ၂ ဦးတို့ဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်ထဲမှာ လာရောက်ပုန်းရှောင်နေတာကို မြန်မာတာဝန်ရှိသူတွေက ဖမ်းပြီး ထိုင်းအာဏာပိုင်တွေဘက် ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ သူတို့ကို ခွန်ကဲန်ခရိုင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီးတဲ့နောက် ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်မှာတော့ ခွန်ကဲန်ခရိုင်တရားရုံးက အမှုစီရင်ချက် ချမှတ်ခဲ့တာပါ။ ပျို့နဲ့ အဲန်ဆိုသူ မိန်းကလေး ၂ ဦးအား ထောင်ဒဏ် ၃၄ နှစ်နဲ့ ၆ လစီ၊ ကျဲ့ဆိုသူ အမျိုးသမီးအား ထောင်ဒဏ် ၃၃ နှစ်နဲ့ ၉ လ၊ နိုင်းဝါ့ဆင်ဆိုသူ အမျိုးသားအား ထောင်ဒဏ် ၂၃ နှစ် ၄ လ နဲ့ ရက် ၂၀၊ ဘဲန်ဆိုသူ မိန်းကလေးအား ထောင်ဒဏ် ၁ နှစ် (အယူခံဝင်ခွင့်ရှိ)၊ အသီးသီး ချမှတ်ခဲ့ပါတယ်။ တရားရုံးကို အသတ်ခံရသူ အဲမ်ခေါ် ဝရစ်ဆရာရဲ့ မိသားစုဝင်တွေပါ လာရောက်ကြားနာပြီး သူတို့ကတော့ သေဒဏ်အပြစ်ပေးစေချင်နေတာပါ။ ဒါပေမယ့် တရားသူကြီးကတော့ ဒီအမှုဟာ မရည်ရွယ်တဲ့ လူသတ်မှုလို့ သတ်မှတ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ် ၁ နှစ်သာ ကျခံရသူကတော့ သေသူရဲ့ တယ်လီဖုန်းကို ဝယ်ထားတဲ့အတွက် ခိုးရာပါပစ္စည်း အားပေးလက်ခံမှုနဲ့ အပြစ်ပေးခံရတာဖြစ်ပြီး နိုင်းဝါ့ဆင်မှာလည်း အမှုမှန်ပေါ်ပေါက်ရေး အထောက်အကူဖြစ်စေတဲ့ အချက်အလက်တွေ ထွက်ဆိုပေးခဲ့လို့  ပြစ်ဒဏ်လျော့နည်းခဲ့ပါတယ်။ ပျို့က သေဆုံးသူ အဲမ်မှာ သူ့အမျိုးသား မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်တာကို ရဲတပ်ဖွဲ့အား အသိပေးတယ်လို့ စွပ်စွဲပြီး အဲမ်ကြောင့် သူ့အမျိုးသား ထောင်ကျကာ အိမ်ထောင်ရေး ပျက်ပြားခဲ့ရတာကို အငြိုးထားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သူနဲ့ အပေါင်းပါတွေဟာ အဲမ်ကို ပန်းခြံဟိုတယ်တခုသို့ ခေါ်ထုတ်သွားပြီး လုပ်ကြံသတ်ဖြတ်ကာ သူမဇာတိမြို့က ခြံတခြံမှာ သွားရောက်မြှုပ်နှံခဲ့ပါတယ်။ အလောင်းကို ရွာသားတွေက စတင်တွေ့ရှိပြီး ရဲတွေက ကွင်းဆက် ဖော်ထုတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up