ကာရာဘောင်ဖလား

January 7, 2021

မန်စီးတီးအသင်းက မန်ယူနိုက်တက်ကို (၂-၀) ဂိုး ဖြင့်နိုင်ပြီး ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်

မနေ့ညကန်သွားတဲ့ ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဆိုးလ်ရှားရဲ့ မန်ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီတီးအသင်းဟာ ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တာဖြစ်ပြီး စတုမ်းနဲ့ ဖာနန်ဒင်ဟိုတို့က အနိုင်ဂိုးတွေကို အသီးသီးသွင်းယူပေးခဲ့ပါတယ်။  ပွဲမှာယူနိုက်တက်အသင်းဟာ set-plays တွေကိုကာကွယ်နိုင်မှုနည်းပါးခဲ့တာကိုတွေ့ရပြီး ဖိုဒန်ရဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် စတုမ်းက မန်စီတီးအသင်းအတွက် ပထမဂိုးကို ဒုတိယပိုင်း မိနစ် ၅၀ မှာ သွင်းယူပေးခဲ့ပါတယ်။  အဲ့ဒီနောက် ပွဲချိန် ၈၃ မိနစ်မှာ ဒီဘရိုင်းရဲ့ထောင့်ကန်ဘောကန်ချက်ကို မာရှယ်နဲ့ ဝမ်ဘစ်ဆာခါတို့ ပြတ်ပြတ်သားသားမရှင်းထုတ်နိုင်ခဲ့ရာကနေတစ်ဆင့် ဖာနန်ဒင်ဟိုက မြေမကျဘောကန်သွင်းကာ ဒုတိယဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ဒီနိုင်ပွဲ ကြောင့် မန်စီတီးအသင်းဟာ လာမယ့်ဧပြီလမှာ စပါးအသင်းနဲ့ ကာရာဘောင်ဖလား နောက်ဆုံး ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်ယူနိုက်တက် အသင်းဟာ ပွဲအစမှာကောင်းမွန်တဲ့ တိုက်စစ်ကစားပုံတချို့ကို ပြသနိုင်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့ ပွဲအပြီးမှာ သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဒေါသထွက်ပေါက်ကွဲခဲ့ပါတယ်။  Sky Sports နဲ့တွေ့ဆုံရာမှာ ဆိုးလ်ရှားက “စီးတီးအနေနဲ့ ဂိုးတွေအများကြီး သွင်းယူနိုင်တာကိုလက်ခံ ပေးရပါမယ်။ ဒါပေမဲ့  ရှင်းထုတ်နိုင်ခဲ့သင့်တဲ့ set-plays တွေကနေ ဂိုး ၂ ဂိုးပေးလိုက်ရတာကိုတော့ စိတ်ပျက် မိတယ်လို့ပဲ ရိုးရိုးသားသားပြောပါရစေ။ သေချာတာကတော့ ဒီပွဲမှာ ကျနော်တို့ အကောင်းဆုံးရှိမနေခဲ့ပါဘူး။ ကျနော်တို့ဘက်က အခွင့်ရေးကောင်းတွေ မဖန်တီးနိုင်ခဲ့သလို၊ စီတီးအသင်းဘက်ကလည်း အခွင့်အရေး  များများစားစားမရခဲ့ပါဘူး။ ဒါပေမဲ့ လိဂ်ပွဲတွေမှာ အနိုင်ရသလိုမျိုး နောက်ကျအခွင့်အရေးတွေလည်း မရှိခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ကျနော်တို့ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး။ စီတီးဟာ ကောင်းကောင်းစကားသွားခဲ့ပြီးတော့ သူတို့ကို နိုင်ဖို့ဆိုရင်သူတို့ထက် ပိုကောင်းအောင်ကစားနိုင်ဖို့လိုပါတယ်။ ဒါဟာလက်ရှိ ယူနိုက်တက်အသင်းကြုံတွေ့နေရတဲ့ အခြေအနေအမှန်ပါ” လို့ ဆိုးလ်ရှားက ပြောပါတယ်။  မန်စီတီးကိုရှုံးနိမ့်မှုဟာ ဆိုးလ်ရှားလက်ထက် ၄ ကြိမ်မြောက် ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာရမှုဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ သူ့အသင်းမှာ ဗိုလ်လုပွဲကိုရောက်အောင်မသွားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးရှိ မနေဘူးလို့ ပြောပါတယ်။ 
4 months Ago

January 6, 2021

မန်စီးတီးကို ရှုံးနိမ့်ခဲ့လျှင် ဆင်ခြေပေးစရာရှိလာမည်မဟုတ်ဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရင် ဆင်းခြေပေးစရာရှိမှာ မဟုတ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ ဒီကနေ့ညပိုင်းမှာ ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမှာပါ။ မန်စီးတီးနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်လို့ ရှုံးနိမ့်ခဲ့ရင်လည်း ဆင်ခြေပေးစရာရှိမှာ မဟုတ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဆုဖလားတစ်လုံးရယူဖို့အတွက် လက်တကမ်းအလိုကို ရောက်ရှိနေပြီး ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ၆ လ၊ သို့မဟုတ် ၁၂ လလောက်အတွင်းမှာ ခြေစွမ်းတိုးတက်လာတဲ့ အသင်း ဖြစ်လာတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ မနှစ်ကလည်း ဒီလိုအဆင့်ကနေ ထွက်ခွာခဲ့ရဖူးတာကြောင့် အခုပွဲစဉ်က သင်ခန်းစာယူရမယ့် ပွဲမဟုတ်ဘဲ စွမ်းဆောင်ရည်ကောင်းပြသပြီး ဗိုလ်လုပွဲတက်ရမယ့်ပွဲစဉ် ဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
4 months Ago

စပါးအသင်းက ဘရန့်ဖို့ဒ်ကို (၂-၀) ဂိုးဖြင့်နိုင်ပြီး ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်ရောက် 

ဒီမနက်အစောပိုင်းကန်သွားတဲ့ ကာရာဘောင်ဖလားရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုးဂိုးမရှိနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ စပါးအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ပွဲချိန် ၁၂ မိနစ်မှာ ဆစ်ဆိုကိုက သွင်းယူပေးခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာ ဆွန်ဟောင်မင်က သွင်းယူပေးနိုင်တဲ့အတွက်  ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။ ဗိုလ်လုပွဲမှာတော့ ဇန်နဝါရီ ၆ ရက်မှာ ကန်မယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာ ၂ သင်း ယှဉ်ပြိုင်မှုကနေ အနိုင်ရရှိခဲ့တဲ့အသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။  ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ဧပြီလမှာ ကျင်းပမှာဖြစ်တာကြောင့် မော်ရင်ဟိုရဲ့စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်၊  အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို အာရုံစိုက်ဖို့ကြားထဲမှာ အချိန်တော့ရရှိနေဦးမှာပါ။ နည်းပြ မော်ရင်ဟိုဟာ သူ့အသင်းကို တစ်ရာသီအပြည့်ပထမဆုံးစကိုင်တဲ့ရာသီမှာတင် ဗိုလ်လုပွဲတစ်ခုဆီ ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တာကို ဂုဏ်ယူပေမဲ့ ကာရာဘောင် ဗိုလ်လုပွဲကို ခဏမေ့ထားပြီး အနီးကပ်ဆုံးပြိုင်ပွဲတွေကိုပဲ အာရုံစိုက်သွားမယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ဝင်ဘာလေကွင်းမှာ ဗိုလ်လုပွဲသွားမခင် ပွဲကြပ်ကာလတစ်ခုကို ဖြတ်သန်းရတော့မှာဖြစ်လို့ ကာရာဘောင်ပြိုင်ပွဲကို ခဏမေ့ထားသင့်တယ်လို့လည်း စပါးနည်းပြမော်ရင်ဟိုကပြောပါတယ်။ “ဗိုလ်လုပွဲဆိုပေမယ့် ကျနော်တို့ ဒါပွဲကို  ၃ လအကြာမှ ကန်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ဗိုလ်လုပွဲကို စောင့်မျှော်ရင်း နောင်လာမယ့် အနီးကပ်ပွဲစဉ်တွေကို အာရုံစိုက်ရပါမယ်။ ကျနော်တို့  အက်ဖ်အေ၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေကို ကစားရဖို့ရှိပါတယ်။ ဒါ့ကြောင့် အခုချိန်မှာ ဗိုလ်လုပွဲကို မေ့ထားရပါမယ်။” ဒါပေမဲ့ ဧပြီလရောက်ပြီဆိုရင်တော့ ဒီဖလားအတွက် တိုက်ပွဲဝင်ဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေရပါမယ်လို့လည်း နည်းပြမော်ရင်ဟိုက ပြောပါတယ်။
4 months Ago
More News
Up