ကာယဗလမယ်

June 29, 2017

ဒိုင်များမဆုံးဖြတ်နိုင်ဘဲ ဆုအတူတူပေးခဲ့ရသည့် ကာယဗလမယ် အမြွှာ ၃ ဖော် (ရုပ်သံ)

ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် ကမ္ဘာ့ကာယဗလမယ်ပြိုင်ပွဲမှာ အမြွှာညီအစ်မ ၃ ဖော်ကို ဒိုင်တွေက ဘယ်သူဘယ်ဝါဖြစ်တယ်လို့ ဝေခွဲဆုံးဖြတ်ရ ခက်ခဲခဲ့ပြီးနောက်မှာတော့ ၃ ယောက်လုံးကို ပထမ၊ ဒုတိယနဲ့ တတိယဆုတွေ အသီးသီး ပေးခဲ့ရပါတယ်။ ခုချိန်မှာတော့ အမြွှာညီအစ်မ ၃ ဖော်ဖြစ်ကြတဲ့ အက်ဒရီယန်နာ၊ အလက်ဇန္ဒြာနဲ့ အန်ဒရီယာ ဒဲန်းတပ်စ်တို့ဟာ ဘရာဇီးနိုင်ငံရဲ့ အမျိုးသားအဆင့် ကာယဗလချန်ပီယံတွေ ဖြစ်ခဲ့ကြပါပြီ။ ဘယ်သူက ပထမ၊ ဘယ်သူက ဒုတိယဖြစ်တယ်ဆိုတာဟာ သူတို့ညီအစ်မတွေအတွက် အရေးတကြီးမဟုတ်ဘဲ သူတို့ဟာ တချိန်လုံး အတူတူပဲ ရှိနေကြတာမို့ သူတို့ထဲက ဘယ်သူနိုင်နိုင် ညီအစ်မအကုန်လုံး အနိုင်ရတာပဲဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ ခုချိန်မှာ အသက် ၃၅ နှစ်အရွယ် အသီးသီးရှိနေကြပြီဖြစ်တဲ့ အမြွှာညီအစ်မတွေဟာ အသက် ၁၇ နှစ်အရွယ်တည်းက ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို စတင် လေ့ကျင့်ခဲ့ကြတာလို့ ဆိုပါတယ်။ သူတို့ညီအစ်မ ၃ ဖော်ဟာ ရင်သားကို ဆီလီကွန်အစားထိုး ပလတ်စတစ်ဆာဂျရီ လုပ်ထားတာကအစ ခန္ဓာကိုယ်အလေးချိန်အဆုံး ထပ်တူညီဖြစ်အောင် လေ့ကျင့်ထားခဲ့ကြတာပါ။ ဒိုင်တွေက သူတို့ညီအစ်မ ၃ ယောက်စလုံးကို တယောက်ချင်းစီ မကြေညာဘဲ ပထမ၊ ဒုတိယနဲ့ တတိယဆုတွေ အသီးသီးရရှိတယ်လို့ ကြေညာလိုက်တဲ့အခါမှာတော့ အံ့သြဝမ်းသာခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ညီအစ်မတွေဟာ ကနေဒါနဲ့ တခြားနိုင်ငံတွေမှာ အိမ်ထောင်တွေ အသီးသီးနဲ့ ကွဲပြားစွာ နေထိုင်နေကြတာဖြစ်ပြီး ခုလို တနေရာတည်း တချိန်တည်းမှာ ဆုရရှိခဲ့ကြလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး။ တကယ်တမ်းက သူတို့ဟာ ၄ မြွှာပူးမောင်နှမတွေအဖြစ် မွေးဖွားလာခဲ့ကြတာဖြစ်ပြီး အစ်ကိုတယောက်လည်း ရှိနေပါသေးတယ်။ အီတလီနိုင်ငံမှာ နေထိုင်တဲ့ အန်ဒရီယာက “ခုလို အနိုင်ရရှိခဲ့တာဟာ တကယ့်ကို အံ့သြစရာပါပဲ။ ကျမတို့ ညီအစ်မတွေအားလုံး အတူတူပြန်ဆုံတွေ့ကြပြီး ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့လို့လေ။ ၃ ယောက် တသားတည်းပေါ့” လို့ ပြောပါတယ်။
4 years Ago

May 27, 2017

တရုတ်နိုင်ငံမှ အသက်အငယ်ဆုံး ဘီကီနီဝတ်အမျိုးသမီး ကာယဗလမယ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ခရိုင်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ကာယဗလချန်ပီယံပြိုင်ပွဲမှာ အသက် ၂၀ အရွယ် တူမန်ဂလီဆိုတဲ့ ကောလိပ်ကျောင်းသူတဦးဟာ အမျိုးသမီးရေကူးဝတ်စုံနဲ့ လိုက်ဖက်မှုအရှိဆုံး ဘီကီနီဝတ် ကာယဗလချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ Asian Federation of Bodybuilding & Fitness Championships (AFBF) အဖွဲ့ကြီးက ပြီးခဲ့တဲ့အပတ်မှာ ကျင်းပခဲ့တဲ့ ၅၁ ကြိမ်မြောက်ပြိုင်ပွဲမှာ ဒီဆုကို ရရှိခဲ့တာဖြစ်ပြီး တူမန်ဂလီက ဒီလိုဆုရခဲ့တာဟာ သူမရဲ့ ကျန်းမာစေတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကြောင့်လို့ ပြောပါတယ်။ သူက အမျိုးသားတွေသာ ကစားလေ့ရှိတဲ့ Bodybuilding ကာယဗလ အားကစားနည်းကို ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မနက်တိုင်း ၅ နာရီခွဲ ပုံမှန်ထပြီး နေ့စဉ်ပြုလုပ်ရတဲ့ သူမရဲ့ လေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်ပါတယ်။ သူမရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပြီးပြည့်စုံမှုကို ဒိုင်တွေမြင်ပြီး အချိုးအစားကျ စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အဖြစ် ဆုံးဖြတ်ကာ သူမကို ဒီဆုပေးခဲ့တာလို့ ဆိုပါတယ်။ ကာယဗလမယ် တယောက်ဖြစ်ဖို့ ဦးခေါင်းသေးရမယ် ရင်အုပ်ကျယ်၊ ခါးသေးပြီး ခြေတံတွေရှည်ရမယ်လို့ တူရဲ့ နည်းပြက ပြောပါတယ်။ တရုတ်နိုင်ငံမှာ လူငယ်အများစုအကြား ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ စိတ်ဝင်စားကြပေမယ့် ကာယဗလအားကစားနည်းကတော့ ခေတ်မစားသေးပါဘူး။ ကျောင်းသူ တူ ဆုရအောင်မြင်တဲ့အပေါ် လူမှုကွန်ရက် စာမျက်တွေထက်မှာ အကောင်းအဆိုး ဝေဖန်မှုတွေ ရောနေပေမယ့် သူမရဲ့ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုကိုတော့ အားလုံးက သဘောကျပြီး အသိအမှတ်ပြုကြပါတယ်လို့ စီဂျီတီအန်ရဲ့ မေလ ၂၅ ရက်နေ့ သတင်းမှာ ရေးသားထားပါတယ်။
4 years Ago
Up