ကာပေါင်းကျကျေးရွာ

October 23, 2021

တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာရှိနေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာကို အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်လာပြီး  လူမရှိတော့တဲ့ နေအိမ်တွေကို ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာထဲတပ်စွဲထားတော့ အတိအကျတော့မသိရသေးပေမယ့် နေအိမ် ၁၀ လုံးလောက် မီးရှို့ခံရ တယ်လို့ပြောကြတယ်။ ကာပေါင်းကျဘုန်းကြီးကျောင်းကို တပ်စွဲထားတာဆိုတော့ ဘုန်းကြီးတွေပါ ရှောင်တိမ်းနေကြရတာ။ ရွာထဲမှာလည်း လူက တစ်ယောက်မှ မရှိတော့ဘူး။ တိမ်းရှောင်နေကြရ တာ တပတ်ရှိသွားပြီ"လို့ ဒေသခံကပြောပါတယ်။

ကာပေါင်းကျကျေးရွာမှာ စစ်တပ်က  အောက်တိုဘာ ၁၇ ရက်က စတင်တပ်စွဲခဲ့တာဖြစ်လို့ ဒေသခံရွာသားတွေဟာ အိမ်မွေးတိရစ္ဆာန်တွေ ပြစ်ထားခဲ့ပြီး ထွက်ပြေးကြရလို့   ကျွဲ၊ နွား၊ ကြက် ဝက် စတဲ့ တိရစ္ဆာန်တွေဟာ စစ်တပ်က သတ်စားလို့ သေဆုံးကုန်သလို အစာငတ်သေဆုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကာပေါင်းကျကျေးရွာကို စစ်တပ်ဝင်ရောက်မွှေနှောက်တာ ၉ ကြိမ်ရှိသွားပြီဖြစ်ပြီး ဩဂုတ် ၂၆ ရက်က စတင်မီးရှို့ခံခဲ့ရကာ ပြည်သူတွေနဲ့ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း ပစ်သတ်ပြီး နေအိမ် တချို့မီးရှို့ခံခဲရသလို ကျီကုန်းကျေးရွာကိုလည်း စက်တင်ဘာ ၂၄ နဲ့ ၂၅ ရက်တွေက နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့လို့ နေအိမ် ၂၃ လုံးမီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

ယနေ့ မီးရှို့ခံ ရပုံ (Photo-‌ ဒေသခံ)

1 month Ago

August 29, 2021

တန့်ဆည်မြို့နယ်၌ စစ်တပ်က ပစ်သတ်ထားသည့် လူသေအလောင်းများ ထပ်တွေ့

စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက တည်းက  စစ်တပ်က အင်အားအလုံးအရင်းအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ ရွာသား တစ်ဦး သေဆုံးသွားပါတယ်။ 

အလားတူ ဩဂုတ် ၂၉ ရက်မှာလည်း သေနတ်ပစ်ခတ်ခံရလို့ သေဆုံးထားတဲ့ ရုပ်ပျက်နေတဲ့ အလောင်းတွေ ထပ်မံတွေ့ရှိခဲ့တဲ့အတွက် သေဆုံးသူ ဦးရေ ၇ ဦးရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကာပေါင်းကျရွာသားတစ်ဦးက “သင်္ချိုင်းကုန်းထဲက ၃ လောင်း၊ ရွာအနောက်ဘက်ကပ်ရက်က ၂ လောင်း၊  စုစုပေါင်း ၅ လောင်း တွေ့ထားတယ်။ အလောင်းတွေအားလုံးကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ၊ စဝင်တဲ့နေ့က ပစ်သတ်ထားပုံ ပေါ်တယ်။ အဲဒီထဲက တချို့ကိုပဲ အမည်သိတယ်။ တချို့လည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်နေကြတာဆိုတော့ အမည်တွေကို အတည်ပြုလို့မရသေးတာ” လို့ ပြောပါတယ်။

ရွာထဲမှာ စစ်တပ်က အင်အား ၁၅၀ လောက်ရှိနေပြီး  ရွာအနောက်ဘက်က  ရွှေမျှောတွေရှိတဲ့ တောထဲမှာလိုက်ရှာနေတယ်လို့ ဒေသခံကပြောပါတယ်။

စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူကတော့ ကိုဟိန်းဇာ၊ ကိုမင်းမင်းလေး၊ ကိုဂျပန်(ခ) ကျော်နိုင်လင်း၊ ကိုလွင်မိုး၊ ကိုဖိုးပြားနဲ့အမည်မသိအလောင်းတွေရော စုစုပေါင်း ၇ ယောက်ရှိသွားပြီလို့ သိရပြီး ကျန်သူတွေရဲ့အမည်တွေကို သိရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံက ပြောပါတယ်။

အခုလို တွေ့ရှိတဲ့ အလောင်းတချို့မှာ သေနတ်နဲ့တေ့ပစ်ခံထားရပြီး တချို့ကိုတော့ ပြေးရင်းလွှားရင်းနဲ့ ပစ်ခံရထားတဲ့ ပုံစံတွေ တွေ့တယ်လို့ ဆိုပါတယ်။

ကာပေါင်းကျကျေးရွာမှာ စစ်တပ်ကဝင်ရောက်စီနင်းတာ ၃ ရက်ရှိပြီဖြစ်လို့ ဒေသခံတွေ စားရေး၊ နေရေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရပြီး၊ စစ်တပ်က တောနင်းရှာဖွေတာတွေ လုပ်နေလို့ ဒေသခံ ရွာသူရွာသားတွေ ဘေးလွတ်အောင်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

3 months Ago
Up