ကာပယ်လို

June 12, 2017

ကာပယ်လိုကို တရုတ်စူပါလိဂ်ကလပ် ဂျန်ဆုဆန်နင်အသင်း နည်းပြအဖြစ် ခန့်အပ်

တရုတ်စူပါလိဂ်ကလပ် ဂျန်ဆုဆန်နင်က အီတလီနည်းပြဟောင်း ကာပယ်လိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒီလအစောပိုင်းမှာ နုတ်ထွက်သွားတဲ့ ကိုရီးယားနည်းပြဟောင်းနေရာမှာ နည်းပြသစ်အဖြစ် ကာပယ်လိုကို ခန့်ထားလိုက်တာပါ။ ဂျန်ဆုဆန်နင်အသင်းဟာ ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ရှုံးပြီး ထွက်ခဲ့ရပါတယ်။ နည်းပြ ကာပယ်လိုဟာ ၁၉၉၄ မှာ အီတလီကလပ် အေစီမီလန်နဲ့ ချန်ပီယံလိဂ်ဆုဖလား ရယူခဲ့ပြီး ၂၀၁၀ မှာ အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ ဂျန်ဆုဆန်နင်အသင်းဟာ ပြီးခဲ့တဲ့ တရုတ်စူပါလိဂ်ရာသီမှာ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ နည်းပြ ကာပယ်လိုကို ခန့်ထားမှုဟာ တရုတ်စူပါလိဂ်သမိုင်းမှာ ဘရာဇီးနည်းပြ စကိုလာရီ ပြီးရင် ဒုတိယမြောက်အဖြစ် နာမည်ကြီးနည်းပြကို ခန့်ထားမှုလည်း ဖြစ်ပါတယ်။
4 years Ago

July 14, 2015

ကာပယ်လို ရုရှားနည်းပြအဖြစ်မှ ထုတ်ပယ်ခံရ

ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ရုရှားအသင်းရဲ့ ရလဒ်ဆိုးရွားမှုကြောင့် နည်းပြချုပ် ကာပယ်လိုကို ထုတ်ပယ်လိုက်ပါတယ်။ ဖေဘီယို ကာပယ်လိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်လိုက်ပြီလို့ ရုရှားဘောလုံးအဖွဲ့ချုပ် (အာအက်ဖ်ယူ) က ဇူလိုင် ၁၄ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။ ရုရှားက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ကျင်းပဖို့ ၃ နှစ်အလိုမှာ အခုလို စာချုပ် ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ် နည်းပြကြီးရဲ့ နေရာမှာ ဆက်ခံမယ့်သူကို အလျှင်စလို ကြေညာမှာ မဟုတ်ဘူးလို့ ဆိုပေမယ့် စီအက်စ်အေကေ မော်စကိုနည်းပြ လီယိုနစ် စလပ်စကီး (Leonid Slutski) က ကာပယ်လိုရဲ့နေရာကို ဆက်ခံဖွယ်ရှိတယ်လို့ ပြည်တွင်းမီဒီယာတွေက ဆိုပါတယ်။ ကာပယ်လိုဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၂ ဇူလိုင်လကစလို့ ရုရှားအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပါတယ်။ ရုရှားအသင်းနဲ့ သူ့ရဲ့စာချုပ်ကိုလည်း ၂၀၁၈ နှစ်ကုန်အထိ ထပ်တိုးထားတာပါ။ သူဟာ ရုရှားအသင်းကို မနှစ် ဘရာဇီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲပေ့မယ့် ရုရှားအသင်းဟာ အောင်မြင်မှုမရဘဲ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါတယ်။ ဇွန် ၁၄ ရက်နေ့ကလည်း ရုရှားအသင်းဟာ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်အဖြစ် သြစတြီးယားနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ အုပ်စုဂျီမှာ ၆ ပွဲကစား၊ ရမှတ် ၈ မှတ်နဲ့ အုပ်စု တတိယနေရာမှာပဲ ရပ်တည်နေနိုင်ပါတယ်။
6 years Ago
Up