ကာနီဗယ်အပျော်စီးသင်္ဘေ

February 7, 2020

ကာနီဗယ်အပျော်စီးသင်္ဘောပေါ်မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးထပ်တွေ့

ကာနီဗယ်အပျော်စီးသင်္ဘောကြီး Diamond Princess ပေါ်မှာ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  ၄၁ ယောက်ကို တွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၆၁ ယောက် ရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၇ ရက်မှာ ပြောခဲ့ပါတယ်။  လူပေါင်း ၃၇၀၀ ဝန်းကျင် လိုက်ပါပြီး ရောဂါမကူးစက်အောင်  သီတင်းနှစ်ပတ်ကြာ သီးခြား ထားရှိချိန်မှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ခရီးသည်အရေအတွက်ဟာ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။  ကျန်ရှိ စမ်းသပ်ရလဒ် ၁၇၁ ယောက်ကနေ ထပ်မံကူးစက်ခံရသူတွေကို တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ခါဆိုနိုဘု ခါတိုက ပြောခဲ့ပါတယ်။  ထပ်မံကူးစက်ခံရသူတွေကို တွေ့ရှိတာကြောင့် ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  အယောက် ၈၀ ကျော်သွားပါပြီ။  ဒါပေမဲ့  Diamond Princess ဟာ ဂျပန်ကို တရားဝင်ရောက်လာတာ မဟုတ်တဲ့အတွက် သင်္ဘောပေါ်က ကူးစက်သူတွေကို ဂျပန်နိုင်ငံမှာ ဖြစ်ပွားတဲ့သူတွေအဖြစ် မသတ်မှတ်ဘူးလို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။  လက်ရှိ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ယောက်ရှိပြီး အဲဒီထဲမှာ  ဝူဟန်မြို့ ကို မသွားခဲ့တဲ့သူ ၄ ယောက်သာ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ခါတိုက အတည်ပြုပြောခဲ့ပါတယ်။  တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၃၁၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၃၈ ဦးရှိသွားပြီလို့ သိရပါတယ်။
1 year Ago
Up