ကာဒစ်ရှ် စစ်သွေးကြွ

A d v e r t i s e m e n t With Us

June 16, 2020

တူရကီ စစ်လေယာဉ်များ ကာဒစ်ရှ် စစ်သွေးကြွပစ်မှတ်များကို ပစ်ခတ်

တူရကီ စစ်လေယာဉ်တွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်းဒေသ အသီးသီးမှာရှိတဲ့ ကာဒစ်ရှ် စစ်သွေးကြွပစ်မှတ်တွေကို ဇွန်လ ၁၄ ရက် ညမှာ ပစ်ခတ်ခဲ့ပါတယ်။ တူရကီ စစ်တပ်အခြေစိုက်စခန်းကို စစ်သွေးကြွတွေက တိုက်ခိုက်မှုတိုးလာတာကြောင့် တုံ့ပြန်တာလို့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ “လင်းယုန် စစ်ဆင်ရေး စပြီ။ ကျနော်တို့ လေယာဉ်တွေက အကြမ်းဖက်တွေရဲ့ဦးစီးတွေကို ပစ်ချနေပြီ” လို့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။  အီရန်-အီရတ် နယ်စပ်နား ကန်ဒီလ် ခြေကုပ်စခန်း၊ ဆင်ဂျာ၊ ဇပ်၊ အာဗာဆင် ဘတ်စ်ယန်နဲ့ PKK စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး လေကြောင်းစစ်ဆင်ရေး လုပ်ခဲ့တာလို့ ပြောပါတယ်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အီရတ်မြောက်ပိုင်းမှာ အဓိကနေကြတဲ့ ကာဒစ္စတန် အလုပ်သမားများပါတီ စစ်သွေးကြွတွေကို တူရကီ အစိုးရက ပုံမှန်ပစ်မှတ်ထားလေ့ ရှိပါတယ်။ PKK တွေကို တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အုပ်စုလို့ အသိအမှတ်ပြုထားပါတယ်။ သူတို့ဟာ ၁၉၈၄ ခုနှစ်တည်းက တူရကီနိုင်ငံတွင်း လက်နက်ကိုင် လှုပ်ရှားနေတာပါ။ နိုင်ငံ အရှေ့တောင်ပိုင်း ပဋိပက္ခတွေအတွင်း လူအယောက် ၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
8 months Ago

April 29, 2020

ဆီးရီးယားမြောက်ပိုင်း ဗုံးခွဲတိုက်ခိုက်မှုတွင် ကလေး ၁၁ ဦးအပါအဝင် လူ ၄၀ သေဆုံး

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အက်ဖှရင်မြို့မှာ ဧပြီ ၂၈ ရက်က လောင်စာဆီတင်ယာဉ်တစီးကို ဗုံးနဲ့ ဖောက်ခွဲခံရလို့ ကလေး ၁၁ ယောက်အပါအဝင် အရပ်သားအယောက် ၄၀ ထက်မနည်း သေဆုံးသွားတယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အက်ဖှရင်မြို့လယ် လူထူတဲ့နေရာမှာ ပေါက်ကွဲခဲ့တာလို့ ဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်ကနေ ကြေညာခဲ့ပြီး ဆီးရီးယားအခြေစိုက် ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေက တိုက်ခိုက်တာလို့လည်းဆိုပါတယ်။ ဈေးလို့ ပြောတဲ့နေရာတခုမှာ ပျက်စီးနေတဲ့ အဆောက်အအုံနဲ့ အပျက်အစီး အစအနတွေ ပြန့်ကျဲနေတာ ပြထားတဲ့ ရုပ်သံကိုလည်း အွန်လိုင်းမှာ တင်ထားပါတယ်။ တူရကီအစိုးရဟာ YPG တပ်ကို တူရကီပိုင်နက်ထဲက ကာဒစ်ရှ် စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ အကြမ်းဖက်အုပ်စုလို့ ရှုမြင်ပါတယ်။ တူရကီစစ်တပ်ဟာ သူ့နယ်စပ်ကနေ YPG တပ်ကို မောင်းထုတ်ဖို့ ဆီးရီးယား မြောက်ပိုင်းထဲမှာ စစ်ဝင်တိုက်ခဲ့ပါတယ်။ တူရကီ စစ်တပ်နဲ့ ဆီးရီးယားသူပုန် မဟာမိတ်တွေဟာ ကာဒစ်ရှ် မွတ်စလင်တွေ အများစု နေထိုင်ရာ အက်ဖှရင်မြို့ကို မတ်လ ၂၀ တည်းက YPG တွေဆီကနေ သိမ်းပိုက်ထားပါတယ်။ တူရကီအစိုးရဟာ တိုက်ခိုက်မှုတွေအတွက် YPG တွေကို မကြာခဏ စွပ်စွဲလေ့ရှိပြီး YPG တွေကတော့ အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ပြန်ပြောပါတယ်။
10 months Ago
Up