အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက အီရတ်မြောက်ပိုင်းက ကာဒစ်ရှ် ပဲ့ရှ်မာဂါတပ်တွေကို တိုက်နေပုံ ရုပ်သံ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။
ရုပ်သံထဲမှာ အိုင်အက်စ်တွေက အမြောက်တွေ၊ ဒုံးကျည်တွေ၊ သေနတ်တွေနဲ့ ပစ်ခတ်နေပြီး နင်နီဗာနဲ့ အာရ်ဗီ ခရိုင်တွေက ကာဒစ်ရှ်တွေကို တိုက်နေတာလို့ ပြောထားပါတယ်။
နိုင်ငံမြောက်ပိုင်း ဒေသတွေကို ထိန်းချုပ်ရေး အိုင်အက်စ်တွေနဲ့ ကာဒစ်ရှ်တွေရဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က အိုင်အက်စ် စစ်သွေးကြွတွေဟာ တူရကီ တပ်တွေ တပ်စွဲထားတဲ့ အီရတ်မြောက်ပိုင်းက အခြေစိုက်စခန်းတခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

တူရကီစစ်တပ်ကတော့ နင်နေဗာခရိုင် မိုဆူးလ်မြို့တွင်း အိုင်အက်စ်တွေရဲ့ အခြေစိုက်စခန်းမြောက်ဘက်က တူရကီစခန်းကို ကတ်ယုရှ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်၊ လေးယောက် ဒဏ်ရာနည်းနည်း ရတယ်၊ စစ်သားတွေက ပြန်ပစ်ခဲ့တယ်လို့ ပြောပါတယ်။
တူရကီအစိုးရက ဒီလအစောပိုင်းမှာ အိုင်အက်စ်တွေကို တိုက်ဖို့ အီရတ် ပြည်သူ့စစ်တွေကို သင်တန်းပေးမယ့် ရည်ရွယ်ချက်နဲ့ ဘာရှိကာ ဒေသထဲမှာ စစ်သည်အင်အား ၁၅၀ ကို တပ်ချထားခဲ့တာပါ။ အီရတ်အစိုးရက မကြိုဆိုဘူးလို့ ပြောပြီး တပ်ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။
အခြေစိုက်စခန်းကို ကာဒစ်ရှ် ပဲ့ရှ်မာဂါ တပ်တွေက ထိန်းချုပ်ထားပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့က အိုင်အက်စ်တွေရဲ့ တိုက်ခိုက်မှု အတော်များများကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ကျော်ရဲ့ အကူအညီနဲ့ တွန်းလှန်ခဲ့ရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်သမား အယောက် ၇၀ ကို သတ်ခဲ့ပြီး အိုင်အက်စ်တွေက အသေခံ ဗုံးခွဲသမားတွေနဲ့ ကားဗုံးတွေကို သုံးခဲ့တယ်လို့ ကာဒစ်စတန် ဒေသ လုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကာဒစ်ရှ် တပ်တွေဟာ အရင်လက စင်ဂျာမြို့ကို အိုင်အက်စ်တွေ လက်ကနေ ပြန်သိမ်းခဲ့ပြီး မိုဆူးလ်နဲ့ ရက်ကာမြို့ကြား အဓိက လမ်းကြောကို ဖြတ်တောက်ခဲ့ပါတယ်။
7 years Ago