ကာတွန်းရုပ်

November 6, 2019

မီးဖောင်မျှောပွဲအတွက် ကာတွန်းရုပ်လုပ်ရောင်းသည့် ထိုင်းကျောင်းသူ မူပိုင်ခွင့်ဥပဒေဖြင့် ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်က ၁၅ နှစ်ရွယ် ထိုင်းကျောင်းသူလေးဟာ လွိုင်းကထုန်း ခေါ် ထိုင်းရိုးရာ တန်ဆောင်တိုင်မီးဖောင်မျှောပွဲအတွက် မီးဖောင်တွေကို ကာတွန်းရုပ်ပုံ ဖန်တီးလုပ်ဆောင်လို့ မူပိုင်ခွင့် ဥပဒေနဲ့ ဖမ်းဆီးအရေးယူ ခံခဲ့ရပါတယ်။  နောင့်အွမ့်ဆိုသူ မိန်းကလေးဟာ မိဘတွေကိုအပိုဝင်ငွေ ရှာကူတဲ့အနေနဲ့ ပွဲတော်ကာလတွင်း ရောင်းချဖို့ မုန့်ခြောက်တွေနဲ့မီးဖောင်လှလှတွေ တီထွင်လုပ်ရောင်းနေတာပါ။  ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ ဖောက်သည်တဦးက သူမကို ကာတွန်းရုပ်ပါတဲ့ မီးဖောင် အလုံးရေ ၁၃၆ ခု လုပ်ပေးဖို့နဲ့ တခုကို ဘတ် ၂၀၀ ပေးမယ်ဆိုပြီး  အရုပ်နမူနာပေးပို့ပြီး မှာယူခဲ့ပါတယ်။  သူမကလည်း ဖောက်သည် စိတ်တိုင်းကျ လုပ်ဆောင်ပြီး သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်အချိန်လေးမှာပဲ ကာတွန်းမူပိုင်ခွင့်ကိုယ်စားလှယ် ဆိုသူက သူမဟာ မူပိုင် မှတ်ပုံတင်ထားတဲ့ ကာတွန်းရုပ်တွေကို တုပလို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားကြောင်း တရားဥပဒေအရ လျော်ကြေးငွေ ဘတ် ၅၀၀၀၀ ပေးရမယ်လို့ လာပြောပါတယ်။  မိန်းကလေးကလည်း အဆိုပါအရုပ်တွေဟာ မူပိုင်ရှိမှန်းလည်းမသိ ၊ ဖောက်သည်က အော်ဒါမှာလို့ လုပ်ရ တာဖြစ်ကြောင်း ၊ ဖောက်သည်အကြိုက် ခက်ခဲစွာကြိုးစားပြီး တညလုံးလုပ်ဆောင်တာ မနက် ၃ နာရီမှ အိပ်ရကြောင်း ၊ သူမအနေနဲ့ စီးပွါးရေးအရ လုပ်တာမဟုတ်ဘဲ မိဘတွေဝန်ပေါ့အောင် ပွဲတော်ရက်မှာ ကျောင်းစရိတ်အတွက် အပိုဝင်ငွေရှာနေခြင်းသာ ဖြစ်လို့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။  နခွန်းရာ့ချ်ဆီမား ရဲစခန်းကလည်း မိန်းကလေးကို သနားညှာတာမိကြောင်း ၊ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့ တာဝန်ဝတ္တရားအရ တိုင်တန်းသူရှိလာက အရေးယူပေးရမှာဖြစ်ပြီး အရေးမယူရင် တာဝန်လစ်ဟင်းရာ ရောက်လို့ ကြားထဲကနေ ဝင်ရောက်ညှိနှိုင်းပေးရာမှာ မူပိုင်ကိုယ်စားလှယ်က ဘတ် ၅၀၀၀ ပဲယူတော့မယ်ဆိုပြီး ကြေအေးသွားပါတယ်။ နောက်နောင်ကို ဘာဘဲလုပ်လုပ် ဦးစွာလေ့လာစုံစမ်းပြီးမှ လုပ်ဆောင်သင့်ကြောင်း ရဲတပ်ဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။  နောက်ဆက်တွဲသတင်းအရ ကာတွန်းရုပ်မီးဖောင် မှာယူသူနဲ့ မူပိုင်ခွင့် ကိုယ်စားလှယ်ဆိုသူက ပူးပေါင်းကြံစည်ခဲ့တာဖြစ်ကြောင်း ဒီမတိုင်ခင်ကလည်း ထိုင်းအရှေ့မြောက်ပိုင်း ခိုလတ်ခရိုင်က အသက် ၂၂ နှစ်အရွယ် လူငယ်တဦးဟာ မိခင် ဆေးကုဖို့ ဝင်ငွေရှာစဉ် အလားတူ  ပစ္စည်းမှာယူကာ သွားပို့ကာမှ မူပိုင်ခွင့်ဥပဒေနဲ့ ငြိတယ်ဆိုပြီး ဘတ်ငွေ ၅၀၀၀၀ အလျော်တောင်းခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါအမှုမှာ လူငယ်ကလည်း ဘတ် ၁၀၀၀၀နဲ့ ကျေအေးပေးခဲ့ရလို့  မူပိုင်ကိုယ်စားလှယ် အစစ်အမှန် ဟုတ် မဟုတ်၊ လိမ်လည်ငွေညှစ်နည်း ဟုတ်၊ မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးအရေး ယူသင့်တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up