ကာတာလိုးနီးယား

October 19, 2019

ကာတာလိုးနီးယား အကြီးအကဲဟောင်း ဘရပ်ဆဲရဲတပ်ဖွဲ့ထံ အဖမ်းခံ

ကာတာလိုးနီးယားအစိုးရ အကြီးအကဲဟောင်း ကားလက်စ် ပူအီဒယ်မုန်းဟာ အောက်တိုဘာ ၁၈ ရက်နေ့က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။   ပူအီဒယ်မုန်း ခိုလှုံနေတဲ့ ဘယ်ဂျီယံနိုင်ငံကို စပိန်တရားရုံးချုပ်က တတိယမြောက် ဖမ်းဝရမ်း ပို့ပြီးနောက်မှာ  သွားရောက်အဖမ်းခံခဲ့တာပါ။   စပိန်နိုင်ငံမှာ ကာတာလန် ခေါင်းဆောင်တွေကို တရားရုံးချုပ်က ထောင်ဒဏ်အသီးသီး ချမှတ်ပြီးနောက်မှာ ဘယ်ဂျီယမ်ကို ထွက်ပြေးခဲ့တဲ့ ပူအီဒယ်မုန်းကိုလည်း အခုလို ဖမ်းမိန့်ပေးပို့ခဲ့တာပါ။ အဲဒီနောက် သွားရောက်အဖမ်းခံတဲ့ သူ့ကို ဘယ်ဂျီယမ်အာဏာပိုင်တွေက အာမခံမပေးဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုခဲ့တယ်လို့ ပူအီဒယ်မုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။   ကာတာလိုးနီးယားဒေသမှာ လက်ရှိဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ မေးရာမှာတော့  အကြမ်းဖက်ဆန္ဒပြတာတွေကို ပြစ်တင်ရှုတ်ချတယ်လို့ သူက ပြန်ဖြေခဲ့ပါတယ်။  ၂၀၁၇ ခုနှစ်က ကာတာလိုးနီးယားလွတ်လပ်ရေးကြေညာချက်ကို ဦးဆောင်ခဲ့တဲ့  ပူအီဒယ်မုန်းဟာ ဘယ်ဂျီယံကို ထွက်ပြေးခဲ့ပြီး ဆန္ဒအလျောက် ပြည်ပြေးဘဝနဲ့ ဘယ်ဂျီယံမှာ နေထိုင်နေတာပါ။
2 years Ago
Up