ကာတာလန်ခေါင်းဆောင်

May 22, 2019

စပိန်လွှတ်တော် အစည်းအဝေးကျင်းပ၊ ထောင်ကျနေသည့် ကာတာလန်ခေါင်းဆောင် ၄ ဦး တက်ရောက်

စပိန်လွှတ်တော် ပထမဆုံး အစည်းအဝေးကို မေလ ၂၁ ရက်နေ့က စတင်ကျင်းပပြီး ထောင်ကျနေတဲ့ ကာတာလန် ခွဲထွက်ရေးခေါင်းဆောင် ၄ ယောက် တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် လက်ယာဝါဒီ လွှတ်တော်အမတ် ၂၄ ယောက်နဲ့ အကြီးမားဆုံး ဆိုရှယ်လစ်အဖွဲ့တို့လည်း အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။ တားမြစ်ထားတဲ့ ကာတာလန်လွတ်လပ်ရေး ဆန္ဒခံယူပွဲအတွက် ထောင်ကျနေတဲ့  ခေါင်းဆောင် ၄ ယောက် ရောက်လာချိန်မှာတော့ ခွဲထွက်ရေးဝါဒီတွေနဲ့ အမျိုးသားရေးဝါဒီတွေက လက်ခုပ်သြဘာတီးပြီး ကြိုဆိုခဲ့ကြတာပါ။ တခြားထောင်ကျနေတဲ့ ကာတာလန်ခေါင်းဆောင် တယောက်ကိုတော့ အထက်လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ တရားရုံးချုပ်က ကာတာလန်ခေါင်းဆောင်တွေ အနေနဲ့ ထောင်ထဲပြန်မဝင်ခင် သူတို့အထောက်အထားတွေကို ယူပြီး လွှတ်တော်အစည်းအဝေး တက်ရောက်နိုင်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ လွှတ်တော်ကို တက်ရောက်လာတဲ့ အဲဒီခေါင်းဆောင် ၄ ယောက်နဲ့ တခြား ကာတာလန် ခေါင်းဆောင် ၇ ယောက်တို့ဟာ ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အများပြည်သူရန်ပုံငွေ အလွဲသုံးစားပြုမှု စတဲ့စွဲချက်တွေ ရင်ဆိုင်နေရပြီး သူတို့အားလုံးကတော့ အဲဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ကာတာလန်ခေါင်းဆောင်တွေအပေါ် ရုံးတင်စစ်ဆေးတာဟာ နောက်ထပ် လပေါင်းများစွာ ကြာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
2 years Ago

February 22, 2019

ကာတာလန်ခေါင်းဆောင် ၁၂ ဦးကို ရုံးတင်စစ်ဆေး

ကာတာလိုးနီးယားဒေသမှာ ၂၀၁၇ ခုနှစ်က မအောင်မြင်တဲ့ လွတ်လပ်ရေးလှုပ်ရှားမှုအတွင်း ပါဝင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကာတာလန်ခေါင်းဆောင် ၁၂ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ကာတာလန် စီးပွားရေးဝန်ကြီးဟောင်း ဆန်တီဗီလာဟာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားပြုမှု၊ အမိန့်မနာခံမှု စတဲ့ ပြစ်မှုတွေနဲ့ စွပ်စွဲခံထားရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံနိုင်ပါတယ်။ နောက်ထပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကာတာလန် အမျိုးသားလွှတ်တော် ANC ဥက္ကဋ္ဌဟောင်း ဂျော်ဒီဆန်းချက်ဇ်ဟာလည်း နိုင်ငံတော်ပုန်ကန်မှုနဲ့ စွပ်စွဲခံထားရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၇ နှစ်အထိ ကျခံရနိုင်ပါတယ်။ ဆန်တီဗီလာက အဆောက်အဦ ဖျက်ဆီးမှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ ကာတာလန်ခေါင်းဆောင်တွေ ရုံးတော်မှာထွက်ဆိုချိန် ခွဲထွက်ရေးသမားတွေကလည်း ခေါင်းဆောင်တွေ ဖမ်းဆီးခံရတဲ့အပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စပိန်အစိုးရက ကာတာလိုးနီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်ရုပ်သိမ်းလိုက်တဲ့ ၂၀၁၇ ခုနှစ်မှာ လွတ်လပ်ရေးလှုပ်ရှားမှုတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။ ကာတာလန်ခေါင်းဆောင်တွေကို နိုင်ငံရေးအရ စွဲချက်တင် ရုံးတင်စစ်ဆေးတာဟာ လွတ်လပ်ရေးလှုပ်ရှားမှုကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား  သဘောထား ကွဲလွဲမှုတွေ ပိုပြီးဖြစ်လာစေပါတယ်။
2 years Ago
Up