ကာတာ

August 2, 2021

အိုလံပစ် အမြင့်ခုန်ပြိုင်ပွဲတွင် ကာတာနှင့် အီတလီ အားကစားသမား၂ ဦး ပူးတွဲရွှေတံဆိပ်ယူ

တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမြင့်ခုန်ပြိုင်ပွဲမှာ   အရူံးအနိုင်မပေါ်လို့ ကာတာနဲ့ အီတလီ အားကစားသမား ၂ ဦးက ရွှေတံဆိပ်ဆုကို ပူးတွဲရယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ 

ကာတာ ပြေးခုန်ပစ်အားကစားသမားဘာရှင်နဲ့ အီတလီကတမ်ဘာရီတို့ ၂ဦးဟာ ၂ ဒသမ ၃၇ မီတာအမြင့်ကို ကျော်အောင် ခုန်နိုင်ခဲ့ကြပေမယ့် အိုလံပစ်စံချိန်ဖြစ်တဲ့ ၂ ဒသမ ၃၉ မီတာကို ၃ကြိမ်စီ ခုန်ခဲ့ရာမှာတော့ ဘယ်သူကမှ မကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကာတာကစားသမား ဘာရှင်က ရွှေတံဆိပ်ဆုကို ၂ ဦး ပူးတွဲရယူနိုင်မလားလို့ ဒိုင်လူကြီးကို မေးမြန်းခဲ့တာပါ။

ဒိုင်လူကြီးက ၂ ဦး နှစ်ဘက် အဆင်ပြေရင် ပူးတွဲရနိုင်ကြောင်းပြောခဲ့ပြီးနောက် ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ ရွှေတံဆိပ်ဆုကို ပူးတွဲရယူခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃ဝ ရှိ ကာတာကစားသမား ဘာရှင်ဟာ ၂၀၁၂ နဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွေမှာ ငွေတံဆိပ်ဆုရခဲ့ဖူးပါတယ်။

အိုလံပစ်ရွှေတံဆိပ်ကို ပူးတွဲရယူခဲ့ကြတဲ့အပေါ် အားကစားသမားတချို့က ဂုဏ်ပြုစကားတွေ ဆိုခဲ့ပါတယ်။ အမေရိကန်ပြေးခုန်ပစ်အဖွဲ့ချုပ်ကတော့  အားကစားစိတ်ဓာတ်ရှိကြတဲ့ကာတာနဲ့ အီတလီ အားကစားသမား ၂ ဦးကို လေးစားချစ်ခင်ကြောင်း တွစ်တာကနေ ဂုဏ်ပြုခဲ့ပါတယ်။

အမျိုးသားအမြင့်ခုန် ပြိုင်ပွဲရဲ့ တတိယကြေး တံဆိပ် ဆုကိုတော့ ဘီလာရုစ်က မက်ဆင်က ရရှိခဲ့ပါတယ်။

6 months Ago

January 10, 2021

ကာတာက ဆောဒီနိုင်ငံကို ကားတင်ပို့မှု ပြန်စ

ကာတာနိုင်ငံက ကားတွေ ကုန်းတွင်းနယ်စပ်စခန်းကနေ ဖြတ်သန်းပြီး ဆော်ဒီအာရေဗျ နိုင်ငံထဲကို ဇန်နဝါရီ ၉ ရက်ကစပြီး ရောက်လာနေပါတယ်။  ၂၀၁၇ နှစ်လည်မှာ ၂ နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆက်ဆံရေး တွေ ဆိုးဆိုးရွားရွား ပြတ်တောက်ခဲ့ပြီး ဒီသီတင်းပတ်ထဲမှာ ဆက်ဆံရေး ပြန်စခဲ့တဲ့နောက် ခုလို ရောက်လာတာလည်း ဖြစ်ပါတယ်။  ကာတာနိုင်ငံက အကြမ်းဖက်ဝါဒကို ထောက်ပံ့နေတယ်လို့ အခိုင်အမာ ပြောရင်း ဆော်ဒီအာရေဗျ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ အီဂျစ်နိုင်ငံတို့က ကုန်းကြောင်း ပင်လယ် ရေကြောင်းနဲ့ လေကြောင်း ဆက်သွယ်ရေးကို ၂၀၁၇ မှာ ပိတ်ဆို့ခဲ့ပါတယ်။  စွဲချက်ကို ကာတာခေါင်းဆောင်တွေက ငြင်းခဲ့ပါတယ်။  ဆက်ဆံရေးပြန်စဖို့ ဆော်ဒီ မြို့တော် ရိယာ့ဒ်မှာ ကျင်းပတဲ့ ထိပ်သီးညီလာခံ အတွင်း ဇန်နဝါရီ၅ရက်က သဘောတူညီချက် ရခဲ့ပါတယ်။  ခရီးသွားလာရေးနဲ့ ကုန်သွယ်ရေး ပြန်စနိုင်ဖို့ သဘောတူ ခဲ့ပေမယ့် သံတမန် ဆက်ဆံရေး  ပြန်စဖို့ကိုတော့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်ဖို့ အချိန်ပိုယူရ နိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။  ဆော်ဒီ ကာတာကုန်းကြောင်း နယ်စပ်စခန်း ၂ဖက်စလုံးမှာ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ် ပျံ့နှံ့မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို ဆောင်ရွက်မယ်လို့လဲ ကြေညာ ပါတယ်။  အဘူ စာမာရာစခန်းကနေ ကာတာနိုင်ငံထဲကို ရောက်လာသူ အားလုံးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးချက်ကို တင်ပြနိုင်ရမှာ ဖြစ်ပြီး ရွေးချယ်ထားတဲ့ ဟိုတယ်တွေမှာ ရောဂါ ခြေချုပ်နဲ့ သီတင်းပတ် တပတ်ကြာ နေရမယ်လို့ ကာတာ သတင်းဌာနက အစီရင်ခံပါတယ်။  အာရပ် လေးနိုင်ငံ နဲ့ ကာတာနိုင်ငံကြား လေကြောင်းခရီးစဉ် ပြန်စတာတော့ မရှိသေးပါဘူး။ ကာတာလေကြောင်းလိုင်းက ဆော်ဒီလေပိုင်နက်ကို ဖြတ်ပြီး လေကြောင်းခရီးစဉ် တချို့ကို ဇန်နဝါရီ ၇ ရက်က စတင်ခဲ့ပါတယ်။  အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ အိတိဟဒ်လေကြောင်းလိုင်းကတော့ အဘူဒါဘီ မြို့တော်နဲ့ ကာတာမြို့တော် ဒိုဟာကြား လေကြောင်းခရီးစဉ်တွေ ပြန်စနိုင်ရေး ရည်မှန်းထား တယ်လို့ ပြောခွင့်ရ တဦးက စနေနေ့မှာ ပြောခဲ့ပါတယ်။
1 year Ago
More News
Up