ကာဇက်စတန်

June 25, 2019

ကာဇက်စတန်တွင် လက်နက်ခဲယမ်း ကုန်လှောင်ရုံ ပေါက်ကွဲ၊ ၁ ဦးသေဆုံး

ကာဇက်စတန်နိုင်ငံ အာရစ်စ်မြို့က လက်နက်ခဲယမ်း ကုန်လှောင်ရုံတခုမှာ ဇွန်လ ၂၄ ရက်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး လူတယောက်သေဆုံးကာ ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး အူမီယာဇက် ရှုခေယက်ဗ်က ပြောပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် အစိုးရက လူလေးသောင်းလေးထောင်ရှိတဲ့ မြို့ကို ဘေးကင်းရာရွှေ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း တာကက်စတန်ခရိုင်ထဲက အာရစ်စ်မြို့အနီး စစ်တပ် အခြေစိုက်စခန်းမှာ ခုလိုပေါက်ကွဲခဲ့တာပါ။ ဒီစခန်းထဲက ဆိုဗီယက်ခေတ် ကုန်လှောင်ရုံထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ သိုလှောင်ထားပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်စေခဲ့တဲ့ မီးလောင်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိရသေးပါဘူး။ စစ်သားတွေက အဝေးပြေးလမ်းပေါ်က ကားနှစ်စီးကို တားပြီး ကုန်လှောင်ရုံတွေထဲကနေ ခေါ်ထုတ်လာတဲ့ အရပ်သားအတော်များများကို ခေါ်သွားဖို့ ကားသမားတွေကို အမိန့်ပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒေသခံပြည်သူတွေ ဘေးကင်းရေး သေချာအောင်လုပ်ဖို့နဲ့ ပေါက်ကွဲမှုတွေဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အစိုးရကို အမိန့်ပေးထားတယ်လို့ ကာဇက်သမ္မတ ကက်ဆင်မ် ယိုမတ် တိုကာယက်ဗ်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။ သမ္မတဟာ အကြီးတန်းအရာရှိတွေနဲ့အတူ အာရစ်စ်မြို့ဆီ ကိုယ်တိုင်သွားနေတယ်လို့ သူ့ရဲ့ ပြောခွင့်ရက ဆိုပါတယ်။
2 years Ago

June 13, 2019

ကာဇက်စတန်တွင် အစိုးရဆန့်ကျင် ဆန္ဒပြပွဲအတွင်း လူ ၁၅၀ ခန့် ဖမ်းဆီးခံရ

ကာဇက်စတန်နိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က လူအယောက် ၁၅၀ လောက် ဖမ်းဆီးခဲ့ပါတယ်။ မြို့တော် အာမာတီက ဝင်ခွင့်တားမြစ်ထားတဲ့ ရင်ပြင်ကို ဆန္ဒပြသူတွေ ချဉ်းကပ်ပြီးနောက်မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းတာတွေ လုပ်ခဲ့တာပါ။ ရဲတပ်ဖွဲ့က ရင်ပြင်ထဲ ဝင်ရောက်လာတဲ့ ဆန္ဒပြသူ အနည်းငယ်ကို ဖမ်းဆီးခဲ့ပါတယ်။ မော်တော်ယာဉ်မောင်းတွေဟာလည်း ဆန္ဒပြသူတွေနဲ့ တသားတည်းရှိကြောင်း ပြတဲ့အနေနဲ့ အရှိန်လျှော့မောင်းပြီး ဟွန်းတွေ တီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ တိုကာယက်ဗ်က ထောက်ခံမဲ ၇၁ ရာခိုင်နှုန်းနဲ့ အနိုင်ရပြီး ပဉ္စမအကြိမ် ရာထူးဆက်ခံခဲ့ပါတယ်။ ဝေဖန်သူတွေက အဲဒီရွေးကောက်ပွဲမှာ တိုကာယက်ဗ်ဟာ အပြိုင်အဆိုင် သိပ်မကြုံရသလို မဲရလဒ် ခိုင်မာမှုအပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲ နောက်ပိုင်းမှာ ရာနဲ့ချီတဲ့ ဆန္ဒပြပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အသက် ၆၆ နှစ်အရွယ် တိုကာယက်ဗ်ကို အရင်သမ္မတ နာဇာဘာယက်ဗက်က သမ္မတအဖြစ် အဆိုပြုခဲ့တာပါ။ နာဇာဘာယက်ဗက်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အမျိုးသားခေါင်းဆောင်ဆိုတဲ့ ရာထူးကို ဆက်လက်ဆုပ်ကိုင်ထားပြီး ဝေဖန်သူတွေက သူ့ကို ရုပ်သေးသမ္မတ တင်မြှောက်တယ်လို့ စွပ်စွဲထားပါတယ်။
2 years Ago
More News
Up