ကာစီနို

September 7, 2021

မူဆယ်မြို့တွင် လော့ဒေါင်းဖြေလျော့ပြီး ကာစီနိုရုံများနှင့် ဂိမ်းဆိုင်များပြန်ဖွင့်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျသွားတဲ့အတွက် ရပ်ကွက်အလိုက် လော့ဒေါင်းတွေ ဖြေလျော့ပေးထားပြီး ကာစီနိုရုံတွေနဲ့ဂိမ်းဆိုင်တွေ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "ကာစီနိုရုံတွေ၊ ဂိမ်းဆိုင်တွေဖွင့်နေပြီ၊ လာတဲ့သူလည်းများတယ်၊ ဖွင့်တာတော့ သိပ်မကြာသေးဘူး" လို့ ပြောပါတယ်။

မူဆယ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်မားတာကြောင့် ဇူလိုင်လကစပြီး ရပ်ကွက်အလိုက် lock down တွေ ချထားခဲ့ရာမှ သြဂုတ် အကုန်လောက်မှာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိမှု နှုန်းလျော့တာကြောင့် lock down တွေ ပြန်ဖြေလျော့ထားတယ်လို့ ဆိုပါတယ်။

"​မူဆယ်မြို့က အမှတ် ၁ နဲ့ ၂ စျေးမဖွင့်သေးဘူး၊ ယာယီစျေး​တော့ နေရာခွဲဖွင့်ပေးထားတယ်၊ ဂိမ်းရုံတွေတော့ ပြန်ဖွင့်နေကြတယ်။ စည်ပင်ကလည်း စျေးသည်တွေကိုတော့ လိုက်ဖမ်းတယ်၊ စျေးကို မရောင်းရဘူး" လို့ စျေးသည်တစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာ lock down တွေ ဖြေလျော့ပြီးနောက် ဆိုင်တွေလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်နေကြပြီလို့ သိရပါတယ်။

သြဂုတ်လထိ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၁၈၀၀ ကျော် တွေ့ရှိခဲ့ပြီး အယောက် ၈၀​ ကျော် သေဆုံးခဲ့ကာ ဆေးရုံမှာဆေးကုသနေသူ ၁၀၀ ဝန်း​ကျင်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

3 months Ago
Up