ကာကွယ်​ဆေး

December 31, 2020

တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများကို ကိုဗစ် ကာကွယ်​ဆေးထိုး​ပေးမည်ဆိုပါက အသိပေးရန်လို 

မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်​ဒေသရှိ မြန်မာနိုင်ငံသားတွေကို ကိုဗစ်-၁၉  ကာကွယ်​ဆေးထိုး​ပေးမယ်ဆိုရင် တရုတ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့   မြန်မာဘက်ကို ကြိုတင် အသိ​ပေးဖို့​ မူဆယ်ခရိုင်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ မူဆယ်ခရိုင် လက်​ထောက် ညွှန်ကြားရေးမှူး ဦး​မောင်​မောင်သန်း က  "တရုတ်ကိုလည်း ​နောက် မြန်မာနိုင်ငံသား​တွေကို ​ဆေးထိုးမယ်ဆို ကြိုအ​ကြောင်းကြားဖို့ ​ပြောထားတယ်။ အဲဒါက ခရိုင်အ​နေနှင့်​ရော၊ မြို့နယ် အ​နေနှင့်​ရော ​ပြောထားတာပါ။" လို့ ဒီဗွီဘီကို ​ပြောပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၀ ကျော်ကို  ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် အခမဲ့ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးကိုတော့ ၁၄ ရက် ကြာရင် ပြန်ထိုးမှာဖြစ်ပါတယ်။ အခု ကာကွယ်ဆေးထိုးတဲ့သူ​တွေဟာ တရုတ်နိုင်ငံဘက်မှာ  မြန်မာကုန်တင်ကား​တွေကို ရှန်တိန်မောင်းဖို့ တရုတ်စီးပွားရေးသမားတွေက ခန့်ထားတဲ့ ရွှေလီမှာ​နေတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ မြန်မာကားသမားတွေက သူတို့ သ​ဘောနဲ့သူတို့ ​ကျေနပ်လို့​ တရုတ်ဘက်က စီမံတဲ့အတိုင်း လိုက်နာပြီး ကာကွယ်​ဆေးထိုးခံကာ အလုပ်လည်း ဆက်လုပ်​နေကြတာဖြစ်ပြီး နှစ်နိုင်ငံ အဝင်အထွက်လုပ်တဲ့ မြန်မာနိုင်ငံသား​တွေကို ဆေးထိုး​ပေးတာမဟုတ်​ဘူးလို့ သိရပါတယ်။  မူဆယ်ခရိုင် လက်​ထောက် ညွှန်ကြားရေးမှူး ဦး​မောင်​မောင်သန်းက “အဲဒီကားသမား​တွေက ကိုယ့်နိုင်ငံသား​ပေမဲ့ သူတို့ဆီမှာ အလုပ်လုပ် ​နေတဲ့သူ​တွေဖြစ်တာ​ကြောင့် ကျနော်တို့လည်း လက်ရှိအလုပ်​တွေ အဆင်​ပြေ​အောင်၊ တရုတ်​တွေနဲ့ ထိ​တွေ့ ​နေတဲ့ သူ​တွေကို သူတို့ ထိုး​ပေးတာပါ။ ကျနော်တို့က​တော့  တကယ်လို့ နိုင်ငံသား ဒီဘက်က မြန်မာနိုင်ငံသား​တွေကို ထိုးမယ်ဆိုဆိုလို့ရှိရင် ကြိုတင် အ​ကြောင်းကြား​ပေးဖို့​ ပြီးခဲ့တဲ့ တမြန်နေ့ကပေါ့​နော် ​ပြောထားတယ်။ အဲဒါက ​ရွှေလီမြို့ မြို့​​တော်ဝန်နဲ့ ပြောထားတယ်။" လို့ ရှင်းပြပါတယ်။  မြန်မာကားသမားတွေကို တရုတ်ဘက်က ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုး​ပေးလိုက်​ပေမယ့် မြန်မာဘက်ကသက်ဆိုင်ရာကို အသိ​ပေး အ​ကြောင်းကြားတာမရှိခဲ့ပါဘူး။   မူဆယ်ပြည်သူ့​ဆေးရုံအုပ်ကြီး ​ဒေါက်တာ ဟန်နိုင်စိုးက "အဓိကအားဖြင့်တော့ ကျနော်တို့ သူတို့ ထိုး​ပေးလိုက်တဲ့ အချိန် မသိလိုက်ရဘူး​ပေါ့​နော်” လို့ ဒီဗွီဘီကို ​ပြောပါတယ်။ ဒီဇင်ဘာ ၂၉ ရက်​ ည​နေ​က နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေး​နွေးခဲ့တဲ့ အလွတ်သ​ဘော ​ဆွေး​နွေးတဲ့ အစည်းဝေးမှာ​တော့ နောက်တစ်ခါ ဆေးထိုးမယ်ဆိုရင် ခွင့်ပြုချက်ယူဖို့နဲ့ ခွင့်​တောင်းဖို့ ​တောင်းဆိုထား​ကြောင်း တရုတ်ဘက်ကလည်း အဓိက ဆိုးကျိုးမရှိ​ကြောင်း ပြန်လည်​ပြောကြားပြီး ဆေးပြန်ထိုးမယ် ဆိုရင် စာနဲ့ ဖြစ်ဖြစ် အ​ကြောင်းကြားဖို့ ​ပြောခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မြို့နယ် အ​ထွေအ​ထွေအုပ်ချုပ်​ရေးမှူး ဦးသူရိန်က “ တရုတ်နိုင်ငံက ထိုး​ပေးလိုက်တဲ့ ကိုဗစ်-၁၉ ကာကွယ်​ဆေးကို အကြမ်းဖျင်း တရုတ်နိုင်ငံက​နေ နိုင်ငံရပ်ခြားသွားမယ့်သူ​တွေကို ထိုး​ပေးဖို့ စီစဉ်ထားတယ်။ နယ်စပ်​ဒေသမှာ သူတို့ ဆီက တာဝန်ထမ်းဆောင်တဲ့ သူတို့ တရုတ်နိုင်ငံရဲ့ ဝန်ထမ်း​တွေ၊ အလုပ်သမား​တွေ တရုတ်နိုင်ငံသား​ရော၊ မြန်မာနိုင်ငံသား​ရော အဲဒီအဖွဲ့​တွေကို ထိုး ​ပေးဖို့"လို့ ​ပြောပါတယ်။ လက်ရှိ ရွှေလီနဲ့ ကျယ်​ဂေါင်မှာရှိတဲ့ မြန်မာနိုင်ငံသား​တွေကို ကိုဗစ်-၁၉ ​ကာကွယ်ဆေး ဆေးထိုး​ပေးဖို့အတွက်တော့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေနဲ့  ပတ်သက်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့က နန်းတော်ဂိတ်မှာ မူဆယ်နဲ့ ရွှေလီက နှစ်ဖက်တာဝန်ရှိသူတွေ  နအလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။  Pra Jaw
10 months Ago
Up