ကာကွယ်ရေးဦးစီးချုပ်

January 27, 2021

တိုင်းပြည်ကာကွယ်ရေး ညာသံပေးနေရုံဖြင့် မရဟု ကာချုပ်ပြော

တိုင်းပြည်ကာကွယ်ရေးမှာ ညာသံပေးနေရုံနဲ့ မရဘဲ လက်တွေ့လုပ်ဆောင်ရမှာ ဖြစ်ကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ  နည်းပြအရာရှိကြီးတွေ သင်တန်းသား အရာရှိကြီးတွေကို  Video Conferencing နဲ့ တွေ့ဆုံအမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ၊ တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံ၊ ရိုးသားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်လိုအပ်ပြီး ဥပဒေကို အလေးထားလိုက်နာရန်လိုအပ်တယ်လို့လည်းပြောပါတယ်။ ဥပဒေကို ကိုယ်လိုရာဆွဲပြီး ပြောဆိုနေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမဆန့်ကျင်တဲ့ တည်ဆဲဥပဒေတွေ အလေးထားလိုက်နာ သွားမယ်လို့လည်း ဆိုပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ရေးစနစ်နဲ့ လူသားအရင်းအမြစ်များ ကောင်းမွန်ဖို့  အခြေခံအချက် ၄ ချက်နဲ့ ပြည့်စုံရန်လိုအပ်တယ်လို့လည်း ပြောပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးတွေ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေ တက်ရောက် ကြပါတယ်။

ဓာတ်ပုံ- DSINFO

5 months Ago

December 30, 2020

ကာကွယ်ရေးဦးစီးချုပ် ရုံးထိုင်သည့် တပ်နယ်မြေတွင် လူ ၁၀၀ ကျော် ကိုဗစ်-၁၉ ပိုးတွေ့

နေပြည်တော်၊ ဇေယျာသီရီမြို့နယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထိုင်တဲ့ တပ်နယ်မြေမှာ ကိုဗစ်ဒုတိယလှိုင်းကာလ ဒုတိယဗိုလ်မှူးကြီးအပါအဝင် လူပေါင်း  ၁၀၀ ကျော်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့  တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီဇင်ဘာလ ၃၀ ရက် ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ပြောကြားခဲ့တာပါ။  အဲ့ဒီတပ်နယ်မြေဝင်းမှာ တပ်မတော်သားတွေ၊ မိသားစုတွေအပါအဝင် လူဦးရေ သောင်းနဲ့ချီနေထိုင်ပြီး တပ်မတော်သား၊ မိသားစုဝင်၊ ကလေးငယ်တွေပါမကျန် အားလုံးကို ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ  စစ်ဆေးရာမှာ လူ ၁၀၀ ကျော် ပိုးတွေ့ရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။  ပိုးတွေ့ရှိသူတွေကို တပ်မတော်ဆေးရုံမှာ ဆေးကုသပေးနေပြီး ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။  အဲ့ဒီတပ်နယ်မြေဝင်းမှာ တပ်မတော်သားနဲ့ မိသားစုဝင် ၁၄၀ ကျော်ပိုးကူးစက်ခံထား ရတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးကလည်း  ပြောထားပါတယ်။ 
6 months Ago
More News
Up