ကာကွယ်ရေး

October 22, 2020

လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု အီရန် စတင်

အီရန်စစ်တပ်ဟာ နှစ်စဉ်ကျင်းပနေကျ လေကြောင်းရန် ကာကွယ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၁ရက်မှာ စတင်လိုက်ပြီး မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်တွေကို ခင်းကျင်းပြသ လေ့ကျင့်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဒုံးကျည်တွေ၊ ရေဒါတွေနဲ့ ကင်းထောက်စနစ်တွေ၊ တိုက်လေယာဉ်တွေ ဗုံးကြဲလေယာဉ်တွေ၊ ဒရုမ်းယာဉ်တွေ၊ ပြည်တွင်းဖြစ် စစ်လက်နက် ပစ္စည်းတွေကို စမ်းသပ်ဖို့ ရည်ရွယ်ထားတယ်လို့ အာရှအနောက်ပိုင်း ဝါနာသတင်းမှာ ဖော်ပြထားပါတယ်။  အီရန်ဟာ ကာကွယ်ရေးအတွက် ကိုယ့်အားကိုယ်ကိုး တယ်၊ လက်နက်တွေ အရမ်းကာရော ဝယ်စရာမလိုဘူးလို့  အောက်တိုဘာ ၁၇ ရက်က ပြောခဲ့ပါတယ်။  အမေရိကန်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေပေမဲ့ ကုလသမဂ္ဂရဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ လက်နက်ဝယ်ယူခွင့် တားမြစ်ပိတ်ပင်ချက်ဟာ သက်တမ်းကုန်တော့မှာပါ။  ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်အောက်မှာ ၂၀၀၇ ကုလသမဂ္ဂလက်နက် တားမြစ်ပိတ်ပင်ချက်ဟာ သက်တမ်းကုန်ဖို့ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံကြား သဘောတူ ထားပါတယ်။ အီရန်အပေါ် စီးပွားရေး ဒဏ်ခတ်မှုကနေ ကင်းလွတ်သက်သာခွင့်အတွက် အီရန်က နျူကလီးယား လက်နက်တွေ မတီထွင်အောင် ဟန့်တားဖို့ သဘောတူညီချက်က ရည်မှန်း ထားပါတယ်။ ဒါပေမဲ့ အမေရိကန်က နောက်ပိုင်းမှာ ဒီသဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်အပေါ် စီးပွားရေး ဒဏ်ခတ်ခဲ့ပါတယ်။ 
8 months Ago

October 20, 2020

ကာကွယ်ရေးနှင့် ပြည်ထဲရေး အကြံပြုချက်အရ ရွေးကောက်ပွဲမလုပ်မည့်နေရာ ကြေညာဟု ကော်မရှင် ရှင်းလင်း    

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေကို ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့တာဟာ ကော်မရှင်ရဲ့သဘောဆန္ဒတစ်ခုတည်းနဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ဘဲ ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ ဒေသကော်မရှင်အဖွဲ့ခွဲတွေရဲ့ အကြံပြုချက်တွေအရ ဆောင်ရွက်ခဲ့တာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နေရာတွေ ကို အောက်တိုဘာ ၁၆ ရက်က အမိန့်စာ ထုတ်ပြန်ပြီးကြေညာခဲ့တာပါ။ ဒီကြေညာချက်အပေါ်မှာ ဝေဖန်မှုတွေရှိနေတဲ့ အပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ “ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံက အကြံပြုချက်တွေယူတယ်။ ပြီးတော့ ဒေသကော်မရှင်အဖွဲ့ခွဲတွေရဲ့ တင်ပြချက်တွေ အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလို လုပ်ရာမှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တစ်ဦးတည်း သဘောဆန္ဒနဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး ”လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို ကော်မရှင်က ထုတ်ပြန်ကြေညာရာမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အန်အယ်လ်ဒီပါတီ အနိုင်မရခဲ့တဲ့နယ်မြေပါဝင်နေတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေခဲ့တာပါ။ ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမှာ ရွေးကောက်ပွဲကျင်းပတာနဲ့ ဒေသအေးချမ်းတည်ငြိမ်တဲ့ နေရာတချို့မှာ ရွေးကောက်ပွဲမကျင်းနိုင်တာတွေနဲ့ ပတ်သက်ပြီးလည်း ဝေဖန်ထောက်ပြတာ တွေရှိပါတယ် ။ “ အမ်းနဲ့ ပတ်သက်ပြီးတော့ ပြန်လည်စိစစ်မှုတွေလုပ်နေတယ်။စိစစ်ပြီးရင် ပြန်လည်ထုတ်ပြန်ကြေညာသွားဖို့ရှိပါတယ်။ ပလက်ဝနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လည်ကြေညာသွားဖို့ရှိနေပါတယ် ” လို့  ဦးမြင့်နိုင်က ပြောပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်  ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။  ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ နဲ့ တခြား မြို့နယ် ၄ မြို့နယ်က ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၂ အုပ်စု၊ ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်နေတာပါ။ ဒါအပြင် ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ်နဲ့ တခြားမြို့နယ် ၁၇ ခုမှ ရပ်ကွက်ကျေးရွာ အုက်စု ၁၅၁ အုပ်စုနဲ့ မွန်ပြည်နယ်က ကျေးရွာအုပ်စု ၁ စုနဲ့ ပဲခူးတိုင်းက မြို့နယ် ၂ ခုက ကျေးရွာ အုပ်စု ၄၂ အုပ်စု ပါဝင်နေတာပါ။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ တိုင်းရင်းသား ၅ ပါတီဖြစ်တဲ့  ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသာ းဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ညီညွတ်ရေးပါတီတို့ကလည်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ကလည်း  ပြင်းထန်စွာ ကန့်ကွက်ကြောင်း အောက်တိုဘာ ၁၉ ရက်က  ထုတ်ပြန်ကြေညာထားပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)  
8 months Ago
More News
Up