ကာကွယ်ဆေး ထိုးနှံ

December 25, 2020

ဘာရိန်းနှင့် ကူဝိတ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ဘာရိန်းနဲ့ ကူဝိတ်မှာ  ဒီဇင်ဘာလ ၂၃ ရက်က စပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စထိုးနှံပေးနေပါတယ်။  နိုင်ငံသားအားလုံးနဲ့ နေထိုင်သူတွေကို တရုတ်နိုင်ငံထုတ် စီနိုဖမ်းကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားမယ်လို့  ဒီဇင်ဘာလ အစောပိုင်းမှာ ဘာရိန်းနိုင်ငံက ကြေညာခဲ့ပါတယ်။  မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ အပါအဝင် ဆေးဘက်စင်တာ ၂၇ ခုမှာ ကာကွယ်ဆေးဖြန့်ချိရေး လုပ်ဆောင်နေပါတယ်။  ကူဝိတ်နိုင်ငံကတော့ ဒီဇင်ဘာလ ၂၃ ရက်မှာ အမေရိကန် ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး လုံးရေ တစ်သိန်းခွဲကို လက်ခံရရှိခဲ့ပါတယ်။  နောက်ထပ် ဆေးလုံးရေ လေးသိန်းခွဲခန့်ကို လာမယ့်နှစ် ပထမ ၃-လပတ်မှာ ရရှိမယ်မျှော်လင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးအကြိးအကဲက တွစ်တာမှာ ပြောကြားပါတယ်။  ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ အမေရိကန် ဖိုင်ဇာကာကွယ်ဆေး စသုံးစွဲတဲ့ ပထမဆုံး အာရပ်နိုင်ငံဖြစ်ပါတယ်။  အဲဒီနောက်မှာတော့ ယူအေအီးက တရုတ်ထုတ် ကာကွယ်ဆေး အရေးပေါ်သုံးစွဲဖို့နဲ့ အများပြည်သူတွေကို ဖြန့်ချိဖို့  သဘောတူခဲ့ပါတယ်။
1 year Ago

December 18, 2020

ဗြိတိန်တွင် လူ ၁၄၀,၀၀၀ ခန့်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

ဗြိတိန်မှာ  ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဖြန့်ချိတဲ့ ပထမသီတင်းပတ်မှာပဲ ဗြိတိန်မှာ လူ ၁၄၀,၀၀၀ လောက်ကို  ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့ပါတယ်။  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် ဆက်လုပ်နေချိန်မှာပဲ ဒီဇင်ဘာ ၁၇ ရက်က Greater Manchester မြို့မှာတော့ ကားနဲ့ ဈေးဝယ်လို့ရတဲ့ ဆိုင်တစ်ဆိုင်မှာ လူတွေကို ကားပေါ်ကနေ  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့် ပြုနေပါတယ်။ ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေးကို ဒီဇင်ဘာ ၈ ရက်က ပထမဆုံး စတင်ထိုးနှံခဲ့ပြီး စမ်းသပ်ထိုးနှံတာက လွဲရင် ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးထိုးနှံတဲ့ နိုင်ငံ ဖြစ်လာ ပါတယ်။  ကိုဗစ်ကာကွယ်ဆေးကို ၂၁ ရက်ခြား နှစ်ကြိမ် ထိုးနှံရမှာဖြစ်ပြီး ပထမအကြိမ် မထိုးနှံရ သေးတဲ့ ဘယ်သူမှ အကာအကွယ်အပြည့်အ၀ မရသေးပါဘူး။  ဗြိတိန်ဟာ ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး သန်း ၄၀ မှာယူထားပြီး ဒီနှစ်ကုန်မှာ ကာကွယ်ဆေး သန်းနဲ့ချီ လက်ခံရရှိမယ်လို့  ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောပါတယ်။
1 year Ago
Up