ကာကွယ်ဆေးသန်း ၃၀

September 23, 2021

ဝင်ငွေနိမ့်တိုင်းပြည်များသို့ အီတလီက ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ထပ်မံထောက်ပံ့မည်

ဆင်းရဲတဲ့ ဝင်ငွေနိမ့်တိုင်းပြည်တွေကို အီတလီနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ထပ်မံပြီးတော့ ထောက်ပံ့ကူညီသွားမယ်လို့ ဝန်ကြီးချုပ် မာရီယိုဒရာဂီက ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ “ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ထိပ်သီးအစည်းအဝေး”မှာ ဝန်ကြီးချုပ်က ခုလိုပြောလိုက်တာပါ။

“ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေမှာ ကြီးမားတဲ့ မညီမျှမှုတွေရှိနေတုန်းပါပဲ။ ဒါကြောင့်မို့ (ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့) ပိုပြီးတော့ လှူဒါန်းကြဖို့ လိုအပ်တယ်”လို့ ဝန်ကြီးချုပ် ဒရာဂီက ဆိုပါတယ်။

ဒါ့အပြင် အီတလီနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေး ထိပ်သီး အစည်းအဝေးမှာတုန်းကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်းလှူဒါန်းဖို့ ကတိပြုခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက်ကတော့ ဖြန့်ဖြူးပြီးဖြစ်တယ်လို့ ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ၃ ဆထပ်မံပြီးတော့ ကြိုးပမ်းသွားမယ့်အကြောင်း ဝမ်း မြောက်ဝမ်းသာကြေညာချင်ပါတယ်။ အီတလီအနေနဲ့ အခုနှစ်ကုန်အထိ ဆင်းရဲတဲ့ နိုင်ငံ တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၃၀ ထပ်မံလှူဒါန်းသွားပါမယ်။ ဒါပါနဲ့ဆို ကျနော် တို့ လှူဒါန်းမှုဟာ ၄၅ သန်းထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်”

ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာ့နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ ပြသနာတခုဖြစ်တာမို့ ကာ ကွယ်ဆေးထိုးနှံရာမှာ ဆင်းရဲချမ်းသာကွာဟမှု မရှိစေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း တောင်းဆိုထားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် ထိုးနှံဖို့ ကြေညာထားချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတွေအနေနဲ့ နောက်ချန်နေရမယ့် အခြေအနေအပေါ် သတိပေးလိုက်တာဖြစ်ပြီး ဝင်ငွေမြင့်တဲ့ တိုင်းပြည်တွေနဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေကြား ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ ကွာဟမှုကို နည်းလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံနေရသူပေါင်း ၂၃၀ ဒသမ ၈၈ သန်း ကျော်ရှိပြီး သေဆုံးသူပေါင်း ၄ ဒသမ ၇၃ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၂၀၇ ဒသမ ၅၈ သန်းရှိနေပြီလို့  Worldometers ဝက်ဘ်ဆိုက် အ ချက်အလက်အရ သိရပါတယ်။ 

2 years Ago
Up