အမေရိကပြည်သူများအတွက် ဘိုလီးဗီးယန်း မဟာမိတ်လို့ အဓိပ္ပာယ်ရတဲ့ ALBA အဖွဲ့ဝင်နိုင်ငံတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဘဏ်တစ်ခု တည်ထောင်ဖို့ ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မာဒူရိုက ဒီဇင်ဘာ ၁၄ ရက်မှာ အဆိုပြုလိုက်ပါတယ်။
ALBA အဖွဲ့ကို ၂၀၀၄ ခုနှစ်မှာ ဗင်နီဇွဲလား၊ ကျူးဘား နှစ်နိုင်ငံတို့နဲ့ စတည်ထောင်ပြီး အခုအခါမှာတော့ အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ လေ့လာစောင့်ကြည့်နိုင်ငံ ၃ ခု ရှိပါတယ်။
သမ္မတ မာဒူရိုက “ALBA အဖွဲ့ဝင်နိုင်ငံတွေမှာ အစုလိုက် ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်ကို အများဆန္ဒနဲ့ အတည်ပြုချက်ယူပြီး ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူတာ၊ ပို့ဆောင်တာ၊ ညှိနှိုင်း ဆောင်ရွက်တာတွေ လုပ်သွားမယ်” လို့ အွန်လိုင်းက ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပြောပါတယ်။
အန်တီဂွါနဲ့ ဘာဒူဒါနိုင်ငံ ဝန်ကြီးချုပ်က ဆေးဝါးဘဏ် တည်ထောင်ဖို့ ကနဦး အဆိုပြုခဲ့ပြီးနောက် သမ္မတ မာဒူရိုက အဲဒီစိတ်ကူးကို ချပြခဲ့တာပါ။
ကျူးဘားသမ္မတ မီဂဲဒီယက်ဇ်ကန်နယ်ကလည်း ကျူးဘားဟာ ALBA အဖွဲ့ဝင်နိုင်ငံအားလုံး လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို လေ့လာနေတယ်လို့ ပြောပါတယ်။
လက်တင်အမေရိကနိုင်ငံတွေထဲမှာ ကျူးဘားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ကိုယ်ပိုင်ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုတွေ လုပ်နေတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်တယ်လို့ ရိုက်တာက ဆိုပါတယ်။
4 months Ago