ကသာထောင်တွင် ထောင်ဝင်စာလာတွေ့သူထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

April 3, 2019

ကသာထောင်တွင် ထောင်ဝင်စာလာတွေ့သူထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ဧပြီ ၂ ရက် ညနေပိုင်းက တရားရင်ဆိုင် နေဆဲ ထောင်ကြီး ချုပ်ကျခံနေသူကို ထောင်ဝင်စာ လာတွေ့သူထံက ပါလာတဲ့ စားသောက်ဖွယ်ရာ အထုပ်ထဲက ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့်တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁၊ လူသတ်မှု၊ သက်သေခံပစ္စည်ဖျောက်ဖျက်မှုတွေနဲ့ တရားစွဲဆိုခံရပြီး ကသာအကျဉ်းထောင် ထောင်ကြီးချုပ်မှာ ဖမ်းဆီးခံထားရတဲ့ စိုးမင်းခန့်ဆိုသူထံ ကို ညီအကိုအရင်းတော်စပ်သူ ကျော်ဝင်း (၃၃ နှစ်)က စားသောက်ဖွယ်ရာ လာပို့ရာမှာ အထုပ်ထဲမှာ ပါလာတဲ့ Top Country ပေါင်ဒါဘူးကို တာဝန်ရှိသူတွေက မသင်္ကာလို့ ဖွင့်ဖောက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါးတွေ တွေ့ရှိ ခဲ့တာပါ။ Top Country ပေါင်ဒါဘူးကို စစ်ဆေးရာမှာ ပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့ ဖြူဝါကြားအမှုန့် ၂ ထုပ်၊ အလေးချိန် ၁၅ ဂရမ်ခန့်၊ ကာလတန်ဖိုးကျပ် ၁၅ သိန်းခန့်ရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာအမှုဖွင့် အရေးယူနိုင်အောင် ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း အင်းတော်မြို့နယ်ကနေ မူးယစ်ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပြီး ခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ အချုပ်သား တဦးထံ အမျိုးသမီးတဦးက လာရောက်တွေ့ဆုံပြီး ထမင်းထုပ်ပေးရာမှာ  WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၉၃ ပြားဖမ်းဆီးရမိခဲ့ပါသေးတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်၊ အချုပ်ခန်းတွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတာပါ။ စစ်ကိုင်းတိုင်းမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘိန်းဖြူ ၃၄ ကီလိုဂရမ်ကျော်၊ ဘိန်းမဲ ၂၀၁၄ ကီလိုဂရမ်ကျော်၊ စိတ်ကြွဆေးပြား ၅၃ သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရရဲ့  စာရင်းတွေအရ သိရပါတယ်။
3 years Ago
Up