ကသာမြို့နယ်

October 5, 2021

ကသာမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၂ ဦး တပြိုင်တည်း နုတ်ထွက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၂ ဦး အောက်တိုဘာ ၄ ရက်က တပြိုင်တည်း နုတ်ထွက်စာ တင်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျေးရွာအုပ်စုတွေအတွင်း ကျေးရွာတာဝန်ခံတွေ၊ ရာအိမ်မှူးတွေ နုတ်ထွက်နေကြပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှု မရှိတော့သလို ကျေးရွာရဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတာဝန်တွေ လုပ်ဆောင်ရာမှာ အခက်အခဲရှိတာကြောင့် နုတ်ထွက်ခွင့်ပြုဖို့ ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ထားတဲ့စာမှာ ဖော်ပြထားပါတယ်။

ကသာမြို့နယ်အတွင်း အင်းကျေးရွာအုပ်စုက ဦးမြသိန်း၊ အင်းကြီးကျေးရွာ ဦးမောင်ထွန်း၊ ဝက်တူးကျေးရွာက ဦးစိုးခိုင်၊ ကျောက်ထုံးကြီးကျေးရွာက ဦးမန်းတင်၊ ငါးတဲကျေးရွာက ဦးထွန်းလှ၊ ပုလွေရွှေကျေးရွာက ဦးမန်းထွန်း၊ ကူးကာကျေးရွာက ဦးဇော်လွင်၊ ဘွတ်ကျေးရွာက ဦးမောင်ထွေး၊ ကေားကုန်းကျေးရွာက ဦးမြင့်စိုး၊ ဒိုးပင်ကျေးရွာက ဦးမြင့်ဝေ၊ ဆိပ်သာကျေးရွာက ဦးကျော်တင်၊ ဒုံးအော့ကျေးရွာက ဦးအောင်ကျော်မိုး စတဲ့ ကျေးရွာအုပ်စုတွေက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အောက်တိုဘာလ ၄ ရက်နေ့က တစ်ပြိုင်တည်း နုတ်ထွက်ခဲ့ကြတာပါ။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသ PDF တပ်ဖွဲ့တွေကလည်း စစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ သတိပေးထားပြီး သုတ်သင်ရှင်းလင်းတာတွေလည်း ပြုလုပ်နေကြတာပါ။

2 weeks Ago

June 24, 2021

ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာအနီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာအနီးမှာ ဇွန်လ ၂၄ ရက်‌ ဒီနေ့ မနက် ၉ နာရီခွဲလောက်က  အကြမ်းဖက်စစ်ကောင်စီတပ်ကို ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပြင်းထန်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုးတားကြီးရွာ အရှေ့ဘက် ဆင်ကူးရွာအနီး မိုးပင်း၊ မြိုင်လမ်းဆုံနဲ့ ရွှေကျောင်းကုန်းအနီးတလျှောက်အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲကြောင့်တိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးက "လက်နက်ကြီး လက်နက်ငယ်အသံတွေ အရမ်းကျယ်တယ်ဗျ။ ကျနော့်တဲနဲ့ ခပ်လှမ်းလှမ်းမှာ လက်နက်ကြီးကျည်တစ်ခုကျတယ်ဗျ။ ကျနော်က နွား‌သွားကျောင်းနေလို့ လူကိုမထိတာဗျ။ တဲထရံတွေတော့ ပျက်စီးသွားတယ်ဗျ။ ကျနော်လည်း ကြောက်တာနဲ့ ဘာပစ္စည်းမှ မယူခဲ့နိုင်ဘူး ပြေးခဲ့တာ”လို့ပြောပါတယ်။ 

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ နှစ်ဘက် ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 

ဒေသခံတွေကတော့ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီး  စစ်ကောင်စီတပ်တွေဘက်က လေကြောင်းပစ်ကူတွေ ထပ်မံရောက်ရှိလာမှာကို  ရွာသားတွေက  စိုးရိမ်နေကြပါတယ်။

4 months Ago
More News
Up