ကသာတွင်

January 6, 2018

ကသာတွင် ၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ရွှေပြည်သာကျေးရွာမှာ ဇန်န၀ါရီ ၄ ရက်နေ့က အသက် ၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကသာမြို့မရဲစခန်းက ဒုစခန်းမှူး ရဲအုပ်မင်းသန်းထိုက်က ပြောပါတယ်။ ဇန်နဝါရီ ၄ ရက်ည ၇ နာရီက ဦးအောင်အောင်နဲ့ဇနီး မစန်းရင်တို့ အိမ်မှာရှိနေစဉ် တီဗွီကြည့်ဖို့ထွက်သွားတဲ့ သမီးဖြစ်သူ ပြန်မလာလို့ လိုက်လံရှာဖွေရာ နေအိမ်တလုံးရဲ့ အနောက်ဘက် ကြံခင်းစပ်မှ ခွေးဟောင်သံနဲ့ ကလေး ညည်းသံကြားလို့ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူကို ပက်လက်အနေအထားနဲ့ ဝဲဘက်ပါးပြင်ညိုမဲဒဏ်ရာ၊ ယာဘက်ပါးပြင်ညိုမဲဒဏ်ရာ၊ ယာဘက်လည်ပင်းညိုမဲဒဏ်ရာ၊ မိန်းမအင်္ဂါသွေးထွက်နေတာကို တွေ့ရလို့ ကသာခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ပြီး အဓမ္မပြုကျင့်သူကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားထားတာလို့ ကသာမြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်မင်းသန်းထိုက်က ပြောပါတယ်။ “ကသာဆေးရုံကနေ မန္တလေးဆေးရုံကြီးကို ပို့နေတုန်း ဆုံးသွားတာလို့ သိရတယ်။ ညနေ ၃ နာရီခွဲလောက်ကဆုံးတာ၊ ည ၇ နာရီ ခွဲလောက်မှာ ကျနော်တို့ကို အကြောင်းကြားတယ်။  ဖမ်းမိထားသူကတော့ ဝန်ခံထားတယ်။ တရားရုံးမှာ ထွက်ချက်ယူရဦးမှာပါ” လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ အောင်ကို(ခ)အောင်ကိုကို ဟာ အရက်သေစာသောက်စားပြီး နေအိမ်ကို ပြန်လာစဉ် ကလေးငယ်ကို တွေ့ပြီး နေအိမ်အနောက်ဘက် ကြံခင်းစပ်ကို ခေါ်ကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အောင်ကို ကို ဇန်န၀ါရီ ၅ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူကို ကသာမြို့မရဲစခန်းမှာ မုဒိမ်းကျင့် လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၇၆၊ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း
3 years Ago

September 8, 2017

ကသာတွင် ဘိန်းဖြူ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ​ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီးမှာ စက်တင်ဘာ ၇ ရက်နေ့  ညနေက ဘိန်းဖြူ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ ကသာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (၆) က ပြောပါတယ်။ မူးယစ်ဆေးဝါး သတင်းအရ ကသာ-အင်းတော် ကားလမ်းပေါ်ရှိ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီး မီးရထားသံလမ်းကူးမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု ၆ ကသာမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်နိုင်ဦး ခေါင်းဆောင်တဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲအတူ စောင့်ဆိုင်းနေချိန် ကသာမြို့ဘက်မှ ရန်အောင်(ခ)ဇေယျာလင်း  မောင်းနှင်ပြီး ကျော်စိုးနိုင်(ခ)ညီညီနိုင် လိုက်ပါလာတဲ့ အနက်ရောင် 125 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားမှာ ညှပ်ထားတဲ့ ဆာလာအိတ်အတွင်း ရောင်စုံဆပ်ပြာခွက် ၁၁ ခွက်ထဲက ဘိန်းဖြူ ၁၂၁ ဂရမ်၊  ကာလတန်ဖိုး ကျပ် ၁၂၁ သိန်းဖိုးကို ရှာဖွေစစ်ဆေးတွေ့ရှိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၆) ကသာမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်ဝယ်တွေ့ရှိသူ  မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ နေသူတွေ ဖြစ်ကြတဲ့ ရန်အောင်(ခ)ဇေယျာလင်းနဲ့ ကျော်စိုးနိုင်(ခ)ညီညီနိုင်တို့ နှစ်ဦးကို ကသာမြို့မရဲစခန်းမှာ မယ(ပ)၃၈/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုကျော်(အင်းတော်)
4 years Ago
Up