ကသာခရိုင်

January 6, 2022

လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်မြို့နယ်က ရွာသားများ ပုန်းရှောင်နေကြရ

စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်က  လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဂဟဲ‌ကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ် တောတောင်တွေမှာ တိမ်းရှောင်နေကြရပြီး  အခုအချိန်ထိ ရွာထဲပြန်မလာနိုင်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးတဲ့နောက် စစ်အင်အားတိုးမြှင့် စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ ရွာမှာမနေရဲတော့ဘဲ တောတောင်တွေထဲမှာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်ကလာမယ်ဆိုပြီး သတင်းကြားတဲ့အခါကျတော့ အရင်ကလည်း လေယာဉ်နဲ့ လာပြီး ဗုံးကြဲတဲ့အခါကျတော့ ရွာသားတွေက ရွာထဲမှာ လုံးဝမနေရဲတော့တာ။ အခုလည်း အဲဒီရွာကို လေယာဉ်နဲ့လာမယ်လို့ သတင်းကြားတာ။ ”

အခုလို တောတောင်ထဲမှာ တိမ်းရှောင်နေရတာ ရက်ကြာလာတာကြောင့် အစားအသောက်မလုံလောက်တာ၊‌ နေရာထိုင်းခင်းနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ပုန်းရှောင်နေရတဲ့ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“စားစရာရယ်၊ ဆေးဝါးရယ်၊ စားစရာ၊ ဆေးဝါးရယ်၊ ဝတ်စရာရယ် ဒါတွေတော့ လိုအပ်တယ်။”

အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဂဟဲရွာကို ဇန်နဝါရီ ၄ ရက်က တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံးကြဲချတာ၊ လေယာဥ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်အမျိုးသမီးတစ်ဦး ဒဏ်ရာရှိခဲ့တဲ့အပြင် အိမ်နှစ်လုံးမီးလောင်ပြီးတော့ အိမ်သုံးလုံး ပျက်စီးသွားတာပါ။

လက်ရှိအချိန်မှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေက ထီးချိုင်၊ အင်းတော်၊ ပင်လည်ဘူးနဲ့ ကောလင်း‌ဒေသတွေမှာ စစ်အင်အားတိုးမြင့်တာ၊ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပြီး တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာဖို့ ရှိတယ်လို့ မြေပြင်စစ်ကောင်စီတော်လှန်းရေးတပ်သားတွေက နေသိရပါတယ်။

2 weeks Ago

April 23, 2020

ကသာခရိုင်တွင် လေပြင်းတိုက်ပြီး နေအိမ် ၄၅၅ လုံး ပျက်စီး၊ တိရစ္ဆာန် ၅ ကောင် သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ ဧပြီ ၂၁ ရက်က မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေ အိမ် ၄၅၅ လုံးနဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အမိုးလန်ပျက်စီးသွားတယ်လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူးရုံး  စာရင်းဇယားများအရ သိရပါတယ်။ မိုးသက်လေပြင်း​ကြောင့် ကသာမြို့မှာ လူနေအိမ် ၉၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သာသနိကအဆောက်အအုံ ၁ လုံး အမိုးတွေ ပျက်စီးပြီး ထီးချိုင့်မြို့နယ်မှာတော့ လူနေအိမ် ၁၈ လုံး ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ သာသနိကအဆောက်အအုံ ၁ လုံး အမိုးပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အင်းတော်မြို့နယ်မှာ တိရိစ္ဆာန် ၄ ကောင်သေဆုံးပြီး လူနေအိမ် ၂၀၁ လုံး စာသင်ကျောင်း ၅ ကျောင်း သာသနိက အဆောက်အုံ ၁ လုံး ဌာနဆိုင်ရာရုံး ၃ လုံး၊ အခြားအဆောက်အအုံ ၂၀ လုံး အမိုးတွေပျက်စီးသွားပါတယ်။ ဗန်းမောက်မြို့နယ်မှာလည်း လူနေအိမ် ၄၇ လုံး၊ စာသင်ကျောင်း ၂ လုံး ဌာနဆိုင်ရာရုံး ၁ လုံး အခြားအဆောက်အအုံ ၁ လုံး အမိုးတွေ ပျက်စီးခဲ့ပါတယ်။ ကောလင်းမြို့နယ်မှာ တရိစ္ဆာန် ၁ ကောင်သေဆုံးပြီး လူနေအိမ် ၆၇ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း အမိုးတွေပျက်စီးခဲ့ကာ ဝန်းသိုမြို့နယ်မှာ လူနေအိမ် ၇ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း အမိုးတွေပျက်စီးခဲ့ပါတယ်။ ပင်လည်ဘူးမြို့နယ်မှာလည်း လူနေအိမ် ၁၇ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ သာသနိကအဆောက်အအုံ ၁ လုံး အမိုးပျက်စီးခဲ့တယ်လို့ ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ သတင်း- ကိုကိုလင်း (အင်းတော်)
2 years Ago
More News
Up