ကဝမြို့နယ်

October 29, 2020

ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကဝမြို့နယ်က လယ်မြေအချို့ ထောက်ပံ့ကြေးမရသေး

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးတဲ့ လယ်မြေတွေအတွက် ထောက်ပံ့ကြေးပေးရာမှာ မရရှိတဲ့ လယ်သမားတွေ အမြောက်အမြားရှိတယ်လို့ သိရပါတယ်။ ကဝမြို့နယ်မှာ စိုက်ပျိုးလယ်ဧက ၁၈၅၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရေကြီးနစ်မြုပ်မှုဖြစ်ကြောင့် လယ်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်၊ အဲဒီအတွက် နိုင်ငံတော်ကနေ လယ်မြေပျက်စီးမှုအပေါ် ၁ ဧကကို ၁ သောင်းနှုန်းနဲ့ လယ်မြေပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်သမားတွေကို ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။ အဲဒီလို ထောက်ပံ့ငွေ ပေးတဲ့နေရာမှာ အမှန်တကယ်စိုက်ပျိုးပြီး အမှန်တကယ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေရဲ့ လယ်တွေမရရှိပဲ မိုးစပါးလုံးဝမစိုက်တဲ့ လယ်သမားတွေက ပျက်စီးမှုစာရင်းမှာ ပါဝင်ပြီး ထောက်ပံ့ငွေတွေ ရရှိနေကြတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ကဝမြို့နယ် ထဲနန်ကျေးရွာအပိုင်မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ လယ်သမား ၂၄ ဦးက ကဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားထားတယ်လို့ ဦးဆောင်တိုင်ကြားသူလယ်သမား ဦးစန်းဌေးက ပြောပါတယ်။ အဲဒီလို တိုင်ကြားတဲ့အတွက် တိုင်ကြားခဲ့တဲ့ လယ်သမား ၂၄ ဦးကို အောက်တိုဘာ ၁၉ ရက်နေ့က ညှိနှိုင်းမယ်ဆိုပြီး ကဝမြို့နယ်စိုက်ပျိုးရေးရုံးကနေ ခေါ်ယူခဲ့ပေမဲ့ ဘာညှိနှိုင်းမှုမှမလုပ်ဘဲ လယ်သမားတွေကို စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ လယ်သမားတွေကပြောပါတယ်။  ပျက်စီးစာရင်းကောက်စဉ်တုန်းကလည်း ကျေးရွာလယ်စီအဖွဲ့က လယ်သမားတွေဆီကို လာရောက်စာရင်းကောက်ယူတာတွေ မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။ အခုပြဿနာဖြစ်နေတဲ့ ထဲနန်ကျေးရွာအုပ်စုမှာ စိုက်ဧက ၃၀၀၀ လောက်ရှိပြီး အဲဒီထဲက  ၉၂၆ ဧကပဲ ဧက ၁၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ငွေရကြပြီး ၂၀၀၀ ကျော်လောက်က မရကြဘူးလို့ လယ်သမားတွေက ပြောပါတယ်။ ထဲနန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေဘက “အခုဦးဆောင်တိုင်ကြားသူ ဦးစန်းဌေးတဲကို အဲဒီအချိန်က သွားတုန်းက သူ့စပါးခင်းတွေက မပျက်စီးသလို တချို့ကြတော့လည်း ရေကြီးကွင်းတွေဖြစ်တဲ့အတွက် မစိုက်ထားကြဘူး၊ အဲဒီအတွက် စာရင်းမတင်ပေးတာ”လို့ ပြောပါတယ်။ ကဝမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးကတော့ ကျေးရွာလယ်စီအဖွဲ့ကနေ တင်ပြတဲ့အတိုင်း ပျက်စီးဧကတွေကို ထောက်ပံ့ပေးတာဖြစ်ပြီး ထောက်ပံ့တဲ့အခါမှာလည်း ကျေးရွာလယ်စီအဖွဲ့ကို ချက်လက်မှတ်နဲ့ ပေးလိုက်တာလို့ ဆိုပါတယ်၊၊ အောင်စိုးမိုး
6 months Ago

September 9, 2020

ရန်ကုန်ကအများစုအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၉၈ ဦးထပ်တွေ့၊  သေဆုံးသူ ၂ ဦးထပ်တိုး 

ကိုဗစ်-၁၉  ရောဂါလူနာသစ် ၉၈ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး ရောဂါကူးစက်ခံ လူနာ ၂ ဦး ထပ်မံသေဆုံးသွားကာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ အတည်ပြုလူနာ (Case – 885) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက်ပျက်စီးတဲ့ ရောဂါနဲ့ စက်တင်ဘာ ၉ ရက် မနက် ၃ နာရီခွဲလောက်က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၅၇) နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အတည်ပြုလူနာ (Case – 1692) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးတဲ့ ရောဂါနဲ့ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီ ၅ မိနစ်မှာ  သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒီမနက်ထုတ်ပြန်တဲ့ လူနာသစ် ၉၈ ဦးကတော့ ရန်ကုန်တိုင်းက ၉၃  ဦး၊ ရခိုင်ပြည်နယ် စစ်တွေက ၁ ဦး၊ ကချင်ပြည်နယ် ဖားကန့်က ၁ ဦး၊ ပဲခူးတိုင်း ကဝမြို့နယ်က ၁ ဦး၊ မိုးညိုမြို့နယ်က ၁ ဦး၊  နေပြည်တော်က ၁  ဦးတို့ ဖြစ်ကြပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၇၇၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ၁၈၄ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ၃၀ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၀၈၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၉၈ ဦး တွေ့ရှိရတာပါ။ မနေ့ညကလည်း အတည်ပြုလူနာသစ် ၉၉ ဦးတွေ့ရှိပြီး မော်လမြိုင်ဆေးရုံမှာ တက်ရောက်နေတဲ့ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ (Case – 1629) နဲ့ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၈၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ (Case – 1485)တို့ သေဆုံးသွားတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ  ၉ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၁,၈၀၇ ဦး၊ သေဆုံးသူပေါင်း  ၁၂ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၄၆၀ ဦး စောင့်ကြည့်လူနာအသစ် ၁၈၈ ဦးရှိပါတယ်။
8 months Ago
More News
Up