ကလေးအများအပြား ဒဏ်ရာရ

October 16, 2019

ဆီးရီးယားရွာတရွာကို တူရကီစစ်တပ်က အမြောက်ဖြင့်ပစ်ခတ် ကလေးအများအပြား ဒဏ်ရာရ

ဆီးရီးယားမြောက်ပိုင်း မန်ဘစ်မြို့အနီး ရွာတရွာကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ တူရကီစစ်တပ်က အမြောက်နဲ့ ပစ်တာကြောင့် ကလေးအများအပြား ဒဏ်ရာရပြီး ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။ အွမ်-အာဒစ်ဆာ-အယ်ဖာရက် ဆိုတဲ့ ရွာကို တူရကီစစ်တပ်က အမြောက်နဲ့ ပစ်ခဲ့တယ်လို့  ကာ့ဒ်သတင်းအေဂျင်စီ ANHA က ပြောပါတယ်။ ဒဏ်ရာရ ကလေးငယ်တွေကို မန်ဘစ်မြို့ ဆေးရုံဆီ လွှဲပေးခဲ့ပြီး ကလေး ၃ ယောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့  ဆေးဘက်ဝန်ထမ်းတွေက ဆိုပါတယ်။ တူရကီစစ်တပ် ဗုံးကြဲမှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့လည်း  ANHA က ပြောပါတယ်။ တူရကီထိုးစစ်ကို တန်ပြန်ဖို့ရာ ကာ့ဒ်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဆီးရီးယားအစိုးရတို့အကြား သဘောတူညီချက်ရပြီးနောက် တူရကီသမ္မတက တူရကီထိုးစစ်ဟာ မန်ဘစ်မြို့က ကာ့ဒ်သူပုန်တွေကို မောင်းထုတ်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဆီးရီးယားမြောက်ပိုင်းက တူရကီထိုးစစ်အပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေပြီး အမေရိကန်ကလည်း တူရကီအပေါ် အရေးယူ ဒဏ်ခတ်တာတွေ လုပ်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up