စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်၊ မစိန်စံပြကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းတခုကို စက်တင်ဘာ ၁၈ ရက်မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။
ဒီမနက် ၅ နာရီလောက်မှာ အဲဒီရဲကင်းစခန်းကို လက်နက်ကိုင်အဖွဲ့က ဝင်ရောက် စီးနင်းချိန်မှာ ရဲ ၄ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ ရဲတွေကို ကလေးဝပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားစဉ် ညနေပိုင်းမှာ ၃ ယောက် ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စုစုပေါင်း ၇ ဦး သေဆုံးသွားတယ်။ ရဲကင်းစခန်းကို မီးရှို့သွားတယ်။ အကုန်ပြာကျသွားတယ်။”
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက ဝင်ရောက်စီးနင်း မီးရှို့သွားတယ်ဆိုတာ မသိရှိရ သေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကလေးမြို့အရှေ့ပိုင်း အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ ၁ ရှိ ပျူစောထီးအဖွဲ့ဝင် ဦးဝင်းမောင်လည်း မနေ့ ညနေပိုင်းက နေအိမ်မှာ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၇ ညနေ ၅ နာရီအချိန်လောက်မှာ ပျူစောထီး ဦးဝင်းမောင်ဟာ ဦးခေါင်းကို သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရာ နေရာတင် သေဆုံးသွားပြီး သူရဲ့ဇနီးကတော့ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ရပ်ကွက်အတွင်း ရောက်ရှိလာကာ ပတ်ဝန်းကျင်အနီး ရှာဖွေခဲ့ပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင် ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒေသခံ နှစ်ဦးကို PDF တပ်ဖွဲ့ဝင်တွေက ပစ်သတ်သွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ဦးဝင်းမောင်ဟာ ပျူစောထီးမဖြစ်ခင် ယခင်က ဒလန်အဖြစ် နာမည်ကြီးနေပြီး အာဏာသိမ်းစက ရပ်ကွက်အတွင်း ဆန္ဒပြကျောင်းသားလူငယ်အများအပြားကို ဖမ်းဆီးပေးတာ တို့ ဆောင်ရွက်ခဲ့ပြီး သူဟာ PDF ကို Live လွှင့်စိန်ခေါ်ခဲ့တဲ့ စိန်လင်းရဲ့ တပည့်ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကလေးမြို့မြို့ပြပျောက်ကြားအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ SL သတင်းထောက် စိန်လင်းဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လက ဇနီးဖြစ်သူနဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လင်မယားနှစ်ဦးစလုံး ပစ်သတ်ခံခဲ့ရပါ သေးတယ်။
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဋ္ဌရဲ့ နေအိမ်မှာ နိုဝင်ဘာ ၂၀ ရက် ညနေ ၆ နာရီလောက်က ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဗုံးပစ်ဖောက်ခွဲတာကို မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပျောက်ကျားတပ်ဖွဲ့ ကနေ လုပ်ဆောင်တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာတာမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် မီတာခ အဓမ္မကောက်ခံနေတဲ့ လျှပ်စစ်ရုံးကို အဆိုပါပြောက်ကျားတပ်ဖွဲ့အနေနဲ့ ဖောက်ခွဲဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။
မော်လိုက်မြို့နယ်အတွင်းက ရပ်ကွက် ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေ၊ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်ခြေမှုန်းသွားမယ်လို့လည်း မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်မှာတော့ နိုဝင်ဘာ ၂၀ ရက်ညနေက ဒေသခံ အရပ်သား ၃ ဦး ဖမ်းဆီးခံရပါတယ်။
နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လိုက်ပါလာတဲ့ ယာဉ်တန်းကို ကလေးမြို့နယ် ယုဇန ကျေးရွာနားမှာ ကလေးဝ PDF က မိုင်းဆွဲ တိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒလန်ရဲ့ သတင်းပေးမှုကြောင့် ရွာသားတွေ ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဇီးဒေါင့်ကျေးရွာက ကိုသိန်းစိုး၊ ယူဇနလယ်ရွာက ကိုအာကာမင်းနဲ့ သက်ကယ်ကျင်းရွာက ကိုလန်းတို့ ဖြစ်ကြပါတယ်။