ကလေးမြို့နယ်

A d v e r t i s e m e n t With Us

December 1, 2020

အာဖရိကဝက်အဖျားရောဂါ ဖြစ်ပွားနေသည့် ကလေးမြို့နယ်၌ ဝက်သေဆုံးမှု နည်းပါးသွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ အာဖရိကဝက်အဖျားရောဂါ ဖြစ်ပွားနေပြီး နိုဝင်ဘာ၂၅ ရက် နောက်ပိုင်းမှာတော့ ဝက်တွေသေဆုံးမှုမရှိတော့ဘူးလို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမှိန်းထန်းဇီးက “ကာကွယ်ဆေးလည်းမရှိဘူး။ ကုသတဲ့ဆေးလည်း မရှိဘူး။ မွေးမြူတဲ့သူတွေနဲ့ ဝိုင်းဝန်းပြီး ကူးစက်မှုကို ဖြတ်တောက်နိုင်ရင်တော့ ကူးစက်တာရပ်သွားတာ မြန်မှာပေါ့” လို့  ပြောပါတယ်။ ဝက်မွေးမြူသူတွေအနေနဲ့   တိုက်တွန်းနိုးဆော်ချက်တွေကို လိုက်နာဖို့၊ မွေးမြူထားတဲ့ဝက်တွေ သေဆုံးခဲ့ရင် မြေမြုပ်ဖို့၊   အသားဖြတ်ပြီးရောင်းချတာမျိုးတွေ မပြုလုပ်ဖို့၊ တခြားဝက်ခြံကို သွားကြည့်တာမျိုးနဲ့ ကိုယ့်ဝက်ခြံကို သူများတွေ လာရောက်ခွင့်မပြုဖို့လည်း   ဒေါက်တာ မှိန်းထန်းဇီး ပြောပါတယ်။ အာဖရိကဝက်အဖျားရောဂါနဲ့ ပတ်သက်ပြီး ဈေးတွေမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေပြီး ရွာတွေမှာ ပညာပေးဟောပြောပွဲလေးတွေလည်း လုပ်ပေးသလို ရောဂါဖြစ်ကာစက  မြို့နယ် စီမံခန့်ခွဲမှုကော်မတီကနေ ရပ်ကွက်ကျေးရွာ အားလုံးကို စာတွေနဲ့ အသိပေးတာမျိုးတွေလည်း လုပ်ဆောင်တာရှိပါတယ်။ အာဖရိကဝက်အဖျားရောဂါပိုးဟာ လူတွေကို  အန္တရာယ်ဖြစ်စေတာနဲ့ ကူးစက်စေတာတော့ မရှိဘူးလို့ သိရပါတယ်။
3 months Ago

June 21, 2020

ကလေးမြို့နယ်တွင် တောင်သူနှင့် မီးရထားဝန်ထမ်းတို့ မြေယာအငြင်းပွားမှု အပြန်အလှန် အမှုဖွင့်

ကလေးမြို့နယ်၊ စည်းဟောင်ဘူတာအနီးက လယ်ရေသွင်းမြောင်းကို ဇွန် ၁၉ ရက်နေ့မှာ မီးရထားဌာနက မြေဖို့ရာမှ တောင်သူအချို့နဲ့ မီးရထားဝန်ထမ်းတဦး စကားအ​ချေအတင်ပြောရာက ပဋိပက္ခဖြစ်ကြပြီး အပြန်အလှန်အမှုဖွင့်ကြတာလို့ သိရပါတယ်။ မီးရထားလမ်းဗိုလ် ဦးသိန်းထွန်းက “ကျနော့်မျက်နှာကို အနီးကပ်လာပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်လို့ ငါ့လာပြီး မရိုက်နဲ့ဆိုပြီး ဖုန်းကို ပုတ်ချလိုက်တယ်။ အဲဒီမှာ ဘယ်က ဘယ်လို ဝင်လာမှန်းမသိတဲ့ လူတစ်ယောက်က အရှိန်နဲ့ ပြေးတွန်းတိုက်လိုက်တာ ကျနော်လည်း လဲသွားတယ်။ လက်ကောက်ဝတ်လည်း နာသွားတယ်။ နာတဲ့နေရာက တဖြည်းဖြည်း ရောင်လာတာနဲ့ ဆေးခန်းပြတော့ လက်ကောက်ဝတ်နားက ကျိုးသွားတာ။ အဲဒါနဲ့ အဲဒီလူကို မြောက်စည်းရဲစခန်းမှာ အမှုဖွင့်လိုက်တယ်”လို့  ပြောပါတယ်။ တောင်သူကို ကူညီနေတဲ့ ကိုမျိုးမင်းဆန်းက “အဲဒီနားမှာ လယ်ဧက ၂၂ ဒသမ ၅ ဧကဟာ ရထားလမ်းမဖောက်ခင်ကတည်းက ရေသွင်းမြောင်းရှိတယ်။ ရထားလမ်းဖောက်လိုက်တော့ မြေက နှစ်ခြမ်းကွဲသွားတယ်။ မြောင်းပါတဲ့ဘက်က တဘက်ပေါ့။ အဲဒီလယ်တွေကို ဒီမြောင်းက ရေယူတယ်။ နှစ်နှစ်ဆယ်ကျော် လုပ်လာပြီး ဒီလမ်းဗိုလ်ရောက်မှ ဒီရထားလမ်းနဲ့ ပေ ၇၅ ပေဟာ ရထားမြေဖြစ်တယ်ဆိုပြီး မြေဖို့တာကနေ စကားများရင်း မီရထားဗိုလ်က တောင်သူဘက်က အမျိုးသမီးတစ်ယောက်ကို ရင်ဘတ်ကိုင်တွန်းလို့ လမ်းဗိုလ်ကို ကောင်မလေးက သူ့ကာယိန္ဒြေပျက်စီးအောင် လုပ်တယ် ဆိုပြီး အခုလို အမှုဖွင့်တာ” လို့  ပြောပါတယ်။ ကလေးမြို့နယ် မြောက်စည်း စည်းဟောင်ဒေသမှာ ခုလို အငြင်းပွားမှုတွေ ရှိနေပြီး ပြဿနာတွေကတဆင့် ခုလို ပဋိပက္ခတွေ ဖြစ်လေ့ရှိတာကြောင့် သက်ဆိုင်ရာက ပြတ်သားတဲ့ ဖြေရှင်းမှု ဆုံးဖြတ်ချက်မျိုးတွေ လိုအပ်နေပါတယ်။ ဒီဖြစ်စဉ်မှာ မီးရထားဝန်ထမ်းဘက်က ကိုစည်သူနိုင် ဆိုသူကို အမှုဖွင့် တိုင်တန်းထား​ပြီး ကိုစည်သူနိုင်ရဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ မခိုင်ဝေသင်းကလည်း မီးရထားဝန်ထမ်းကို အပြန်အလှန် အမှုဖွင့် တိုင်တန်းထားကြပြီး ရာဇသတ်ကြီးပုဒ်မတွေကိုတော့ တိုင်တန်းချက်အပေါ် မူတည်ပြီး ရဲတပ်ဖွဲ့က ဆောင်ရွက်သွားမယ်လို့ နှစ်ဖက်တိုင်တန်းသူတွေက ပြောပါတယ်။ မင်းရဲစစ်နိုင်
8 months Ago
More News
Up