ကလေးမြို့

June 28, 2022

ကလေးမြို့ ဒေသခံ အမျိုးသား ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစောကျော်နိုင်နဲ့ ဦး‌ဇော်လင်းတို့အား စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၇ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေ ဆန္ဒပြတာနဲ့  အုပ်ချုပ်ရေးမှူးရုံးအား ချိပ်ပိတ်ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းမီဒီယာတွေမှာ ရေးသား‌ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးကို စစ်ကောင်စီတပ်က ကလေးမြို့ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကို ခေါ်ဆောင်သွားကြောင်း၊ ဘာအပြစ်မှမရှိဘဲ သတင်းပေးဆိုပြီး စွပ်စွဲခံရတာလို့ ဖမ်းဆီးခံရသူနဲ့နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဇွန် ၁၅ ရက်နေ့ကလည်း ကလေးမြို့နယ်က ဒေသခံ ၂ ဦးဖြစ်တဲ့ ကိုညီညီမင်းနဲ့ ကိုနေမျိုးသူတို့ကို စစ်ကောင်စီတပ်က PDF လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့ပါသေးတယ်။

ဇွန် ၉ ရက်နေ့ကလည်း ကလေးမြို့ ထွန်းဆေးခန်းပိုင်ရှင် ကိုဖိုးတုတ်ကို စစ်ကောင်စီဆပ်တွေက PDF အတွက် လက်နက်ဝယ်ယူပေးတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ဇွန် ၃ ရက်နေ့ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်က ဒေသခံ ကိုလာနွန်မောကိုလည်း စစ်ကောင်စီတပ်ကဖ မ်းဆီးခဲ့သေးပါတယ်။

မေလ ၂၁ ရက်နေ့ကလည်း က‌လေးမြို့ တောင်ဖီလာရပ်ကွက်‌နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ PDF ကို ထောက်ပံ့တယ်ဟုစွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်များက လက်ရှိမှာ ကလေးမြို့ပေါ်မှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံတွေကိုလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်နေတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လတ်တလောမှာ ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

ဇွန် ၂၈ ရက်ကလည်း ကလေးမြို့ပင်မသပိတ်အင်အားစုအဖွဲ့သားတွေက ကလေးမြို့လမ်းဆုံ မြို့လယ်ခေါင်မှာ ၅၀၆ ရက်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်းပုဒ်ကိုလာရောက် ချိတ်ဆွဲခဲ့တာနဲ့ပတ်သက်ပြီး လမ်းသွားလမ်းလာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုင်းပုဒ်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖြုတ်ချခဲ့ပြီး လမ်းဘေးဝဲယာက ဒေသခံဈေးဆိုင်တွေကိုလည်း စစ်ဆေးမေးမြန်း ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်ဆို ဆိုင်ကယ်တူးဘောက်တွေ လှန်ပြရတယ်။ ဖုန်းတွေ စစ်တယ်။ ပါတဲ့အိတ်တွေ အကုန်ဖွင့်ပြရတယ်။ ဆိုင်းပုဒ်လာဆွဲတာ မင်းတို့တွေလားဆိုပြီး စွပ်စွဲတယ်" လို့ စစ်ဆေးခံရတဲ့လူငယ်တဦးက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီက မြို့တွင်းနေရာအများအပြားမှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးတာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ မြို့တွင်းမှာ စစ်ဆေးနေတဲ့အပေါ်  ကလေးမြို့ပင်မ သပိတ်အဖွဲ့ဝင် တဦးက "ငါတို့ ကလေးမြို့ကို သူတို့ လုံးဝအုပ်ချုပ်လို့ မရဘူးဆိုတာ ပြသတဲ့အနေနဲ့ ချိတ်ဆွဲခဲ့တာ။ ဘယ်သောအခါမှလည်း အုပ်ချုပ်ခွင့်ရမှာ မဟုတ်ဘူး။ စစ်အာဏာရှင် ကျဆုံးသည်အထိ အမြဲတော်လှန်တိုက်ခိုက်သွားမယ်” လို့ ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၀၀ ဝန်းကျင်ရှိနေပြီး ပစ်ခတ်ခံရလို့ သေဆုံးသူ ဦးရေ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရသိရပါတယ်။

1 day Ago

June 16, 2022

ကလေးမြို့ ၌ လူငယ် ၂‌ ဦးကို စစ်ကောင်စီက PDF ဟု စွပ်စွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နေထိုင်တဲ့ ကိုညီညီမင်းနဲ့ ကိုနေမျိုးသူတို့အား စစ်ကောင်စီတပ်သားတွေက ဇွန် ၁၅ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကိုညီညီမင်းက ကလေးမြို့ မြို့လှရပ်ကွက်မှာ ရှောင်တခင်စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုနေမျိုးသူကတော့ ချင်းဆိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတာလို့ စစ်ကောင်စီဝါဒ ဖြန့်သတင်းမီဒီယာတွေမှာ ရေးသား‌ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ဒေသ ကွပ်ကဲစစ်ဌာနချုပ် (ဒကစ) ကို ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့ သိရပြီး ကိုနေမျိုးသူကိုတော့ ချင်းဆိုင်ရွာအနီးမှာ ဖမ်းဆီးခံရတာမဟုတ်ဘဲ ထိုမာကျေးရွာအတွင်းမှာသာ ဖမ်းဆီးခံရတာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဇွန် ၉ ရက်နေ့ကလည်း ကလေးမြို့ ထွန်းဆေးခန်းပိုင်ရှင် ကိုဖိုးတုတ်ကို စစ်ကောင်စီတပ်သားတွေက PDF အတွက် လက်နက်ဝယ်ယူပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ဇွန် ၃ ရက်နေ့ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်က ဒေသခံတဦးဖြစ်တဲ့ ကိုလာနွန်မောကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးပါတယ်။

မေ ၂၁ ရက်နေ့ကလည်း ကလေးမြို့‌ တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ကို ထောက်ပံ့တယ် စွပ်စွဲကာ ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ ခံနေရတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြပါတယ်။

စစ်ကောင်စီတပ်တွေက လတ်တလောမှာ ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး ကျေးရွာ ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျော်ရှိပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့စစ်တမ်းအရ သိရပါတယ်။

2 weeks Ago

ကလေးမြို့ အမှတ် ၈ အထက်တန်းကျောင်း ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက် မြို့ပတ်လမ်းရှိ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၁၅ ရက်က ဗုံးနဲ့ပစ်ခံရတယ်လို့ ကျောင်းအနီးရှိ ဒေသခံတွေက ပြောပါတယ်။

ကျောင်းအနီးမှာနေထိုင်တဲ့ မြို့ခံတဦးက “မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ အသံကြားလိုက်ရတာ။ အသံကြားလို့ ကြောက်တော့ အိမ်ထဲအပေါက်ပိတ်ပြီးနေကြတာ။ ကျောင်းသားတွေ ထိခိုက်တာတော့ မရှိလောက်ဘူးထင်ပါတယ်။ ဆေးရုံကားတွေလာတာတော့ မတွေ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

PDF တွေက ကျောင်းသားတွေ ထိတ်လန့်ကြောက်ရွံ့ပြီး ကျောင်းမတက်နိုင်အောင် လက်လုပ်လက်ပစ်ဗုံး ၁ လုံးနဲ့  ကျောင်းဝင်းခြံစည်းရိုးအနီး ပစ်ခတ်ဖောက်ခွဲခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲ သတင်းထုတ်ပြန်ထားပါတယ်။

ကလေး PDF အမှတ် ၆ တပ်ရင်းမှ ကိုဂျပန်ကြီးက “စစ်ကောင်စီဘက်က သူတို့ဘာသာသူတို့ ပစ်ခတ်ပြီး ကျနော်တို့ပဲ စွပ်စွဲနေတာ။ ကျနော်တို့အနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း အစရှိတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အရာတွေကို ဗုံးနဲ့ပစ်မှာမဟုတ်သလို မီးရှို့ဖျက်ဆီးမှာလည်း မဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းမှာပဲ မေ ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က PDF တွေ မီးရှို့ဖျက်ဆီးတာလို့ စွပ်စွဲထားပြီး ဒေသခံ PDF တွေအနေနဲ့လည်း လုပ်ဆောင်တာမရှိဘူးလို့ ငြင်းဆိုထားတာပါ။

2 weeks Ago

ကလေးမြို့တွင်းတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး‌ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဇွန် ၁၅ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန် ၁၃ ရက်က တာဟန်းဘောလုံးကွင်းကို အင်အားအများအပြားနဲ့ တပ်စွဲဖို့ ရောက်လာတာကြောင့် သွားရောက်ပစ်ခတ်ခဲ့ကြတာလို့ ချင်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (CNDF) က ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ တပ်သား ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ CNDF က သတင်းထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ အဆိုပါ တာဟန်းရပ်ကွက်အတွင်း လျှပ်စစ်မီတာခကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CNDF  သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုတိုက်ပွဲတွေအတွင်း CNDF နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လတ်တလော တာဟန်းရပ်ကွက်ဘက်မှာ မြို့တွင်းပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွား‌နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးရကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဇွန် ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် The Methodist ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်တလုံးပေါ် ကျရောက်ကာ အိမ်တွင်းပစ္စည်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရပ်ကွက်နေ ‌အမျိုးသမီးတဦးက "တိုက်ပွဲက အခုတလော ခပ်စိတ်စိတ်ဖြစ်နေတာ။ အိမ်ရဲ့ အလုံခြုံဆုံးလို့ထင်ရတဲ့ နေရာတွေမှာ ဝပ်နေကြရတာ။ တချို့ဆို နေအိမ်တွေမှာ မနေကြတော့ဘဲ ‌တိမ်းရှောင်နေကြတော့တာ။ လက်နက်ကြီးတွေလည်း ခဏခဏကျပြီး အိမ်တွေလည်းပျက်စီး၊ လူတွေလည်း အသက်ဆုံးရှုံးရတယ်။ ကိုယ့်အိမ်နဲ့ကိုယ်တောင် မလုံခြုံတော့ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ် တာဟန်းရပ်ကွက်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် မြို့ခံပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့သေးပါဘူး။

2 weeks Ago
More News
Up