ကလေးများ

October 28, 2020

ယီမင်နိုင်ငံတွင် ကလေးများအာဟာရချို့တဲ့မှု စံချိန်တင်မြင့်တက်နေ 

ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ ကလေးတွေအချိန်တိုအတွင်း အာဟာရချို့တဲ့မှု စံချိန်တင်မြင့်နေလို့ ကလေးအယောက် တစ်သိန်းနီးပါး သေဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ ယီမင်ဟာ စားနပ်ရိက္ခာလုံခြုံမှု အကျပ်အတည်းဆိုက်ဖို့ နီးလာပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင်နဲ့ အရာရှိတွေက အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ ရေလွှမ်းမိုးမှု၊ လက်နက်ကိုင်ပဋိပက္ခ တိုးလာတာနဲ့ ယီမင်အတွက် ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေ သိသိသာသာ ပြတ်လပ်တာတွေကြောင့် အာဟာရချို့တဲ့မှု က ၂၀၂၀ မှာ ပိုဆိုးလာခဲ့တာပါ။ ခြောက်နှစ်နီးပါး ကြာနေတဲ့ စစ်ပွဲနောက်မှာ ဆိုးဆိုးရွားရွား အငတ်ဘေး ကျယ်ပြန့်လာမယ့် အခြေအနေ မြင့်မားနေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ ယီမင်တောင်ပိုင်းမှာ အသက် ၅ နှစ်အောက် ကလေး ၁၀ ယောက်မှာ တယောက်နှုန်း အာဟာရချို့တဲ့နေတယ်။ ဒါဟာ ကလေး ၅ သိန်းကျော်မှာ ရေတို အာဟာရချို့တဲ့နေတာလို့ ကုလအခြေပြု စားနပ်ရိက္ခာလုံခြုံရေး အဆင့်အကဲဖြတ်မှု (IPC)က ဖော်ပြထားပါတယ်။ အာဟာရချို့တဲ့ တဲ့ ကလေးစုစုပေါင်းရဲ့ ၁၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့ အယောက် ၉၈၀၀၀ က သေဘေးနီးတဲ့အထိ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အယောက် ၂ သိန်းခွဲထက်မနည်းကတော့ အာဟာရချို့တဲ့မှု ဆိုင်ရာကုထုံးတွေ လိုအပ်နေပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းဒေသမှာ အသက် ၅ နှစ်အောက် ကလေး ၁ ဒသမ ၄ သန်း ရှိနေပါတယ်။ အီရန်နဲ့ မဟာမိတ် ဟူသီတွေ ထိန်းချုပ်ထားပြီး လူဦးရေ အများစုနေတဲ့ ယီမင်မြောက်ပိုင်းက သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ၂၀၂၀ တနှစ်လုံး ယီမင် လူသားချင်း စာနာမှုတုံ့ပြန်ရေးအတွက် လိုအပ်တဲ့ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ဘီလီယံထဲက အောက်တိုဘာလလယ်ထိ ရရှိငွေ ၁  ဒသမ ၄၃ ဘီလီယံပဲ ရသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ယီမင် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို မှီခိုနေရလို့ ကမ္ဘာ့အကြီးဆုံး လူသားချင်း စာနာမှု အကျပ်အတည်း ဆိုက်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လူတသိန်းကျော် သေဆုံးပြီး သန်းချီတဲ့လူတွေ အငတ်ဘေးဆိုက်တဲ့ထိ ဖြစ်စေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြန်စရေး ကုလအရာရှိတွေက ကြိုးစားနေပါတယ်။
12 months Ago

May 18, 2020

ကလေးများ ကိုရိုနာရောဂါဖြစ်ပွားနိုင်ခြေနည်းဟု WHO ပြော

ကလေးတွေဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်နိုင်စွမ်း ပိုနည်းပြီး ဒီရောဂါကြောင့် နာမကျန်းဖြစ်နိုင်မယ့် ဘေးလည်း လျော့နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေလ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။  သွေးကြောတွေ ယောင်ယမ်းစေတဲ့ ထူးခြားတဲ့လက္ခဏာနဲ့ ကလေးတွေ ဆေးရုံရောက်လာ တာတွေ ရှိနေပေမဲ့ ဒီလက္ခဏာနဲ့ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြား ပတ်သက်မှုက မရှင်းလင်း သေးဘူးလို့ WHO အကြီးအကဲ သိပ္ပံပညာရှင် ဆောင်မြာဆွာမိနာသန်က ပြောပါတယ်။  ဒီလက္ခဏာရှိတဲ့ ကလေးတချို့မှာ ကိုဗစ်-၁၉ ကူးစက်ခံ ထားရပေမယ့် တချို့က ကူးစက်ခံ မထားရဘူးလို့ သူက ပြောပါတယ်။ ဒီလက္ခဏာရှင် အတော်များများကို စပိန်၊ အီတလီ၊ ဗြိတိန်၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာလည်း တွေ့ထားတယ်လို့ ဆိုပါတယ်။  ရှားပါးရောဂါလက္ခဏာကို သတိထားကြဖို့ WHO က ဆေးရုံ၊ ဆေးခန်းတွေကို မေ ၁၅ ရက်က တိုက်တွန်းထားပါတယ်။  ကလေးသူငယ် ကိုယ်တွင်းအင်္ဂါစနစ်များ ယောင်ယမ်းရောဂါလို့ သိကြတဲ့ PIMS အခြေ အနေမှာ ကလေးတွေဟာ သွေးလန့်တဲ့ လက္ခဏာရော၊ ကာဝါဆာကီရောဂါ လက္ခဏာတွေ ဖြစ်တဲ့ ဖျားပြီး အင်ပြင်ထတာ၊ ဂလင်းတွေယောင်တာနဲ့ ပြင်းထန်တဲ့ လူနာတွေမှာတော့ နှလုံးယောင်ယမ်း တာတွေ ဖြစ်လေ့ရှိပါတယ်။ ဗြိတိန် ကျောင်းဆရာများသမဂ္ဂတွေကတော့ ကျောင်းတွေ စောစော ပြန်ဖွင့်ရင် ကျောင်းသားတွေ ဘေးကင်းရေး စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။
1 year Ago
More News
Up