ကလေးပေါင်ဒါ

October 25, 2019

Johnson & Johnson  ၂၂ အောင်စ ကလေးပေါင်ဒါဘူးအချို့ ဈေးကွက်မှ ရုပ်သိမ်း

ကျောက်ဂွမ်းညစ်ညမ်းမှု ဖြစ်ဖွယ်ရှိတဲ့အချက်ကြောင့် Johnson & Johnson ကုမ္ပဏီက  ၂၂- အောင်စ ကလေးပေါင်ဒါဘူးတချို့ကို ဈေးကွက်ကနေ ရုပ်သိမ်းလိုက်ပြီးနောက် CVS Health  ကုမ္ပဏီနဲ့ Rite Aid ကုမ္ပဏီတို့ကလည်း အဲဒီပေါင်ဒါဘူးအားလုံးကို သူတို့ အရောင်းဆိုင်တွေကနေ ဖယ်ရှားလိုက်ပါတယ်။  Walmart  ကုမ္ပဏီကလည်း အလားတူ သူ့စတိုင်းဆိုင်တွေမှာ အဲဒီကလေးပေါင်ဒါဘူး ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။  ဈေးဝယ်သူတွေ အထိပ်တလန့် မဖြစ်ရအောင်လို့ Johnson & Johnson ကုမ္ပဏီက ၂၂ အောင်စ ကလေးပေါင်ဒါဘူးတွေကို အရောင်းဆိုင်တွေအပြင် အွန်လိုင်းကနေတဆင့် ‌ရောင်းဝယ်တာလည်း ဖယ်ရှားလိုက်တယ်လို့ CVS ကုမ္ပဏီက အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမယ့် ကျန်ကလေးပေါင်ဒါဘူးတွေကိုတော့ ပုံမှန်အတိုင်း ဆက်ရောင်းသွားမယ်လို့  CVS ကုမ္ပဏီက ပြောပါတယ်။  Johnson & Johnson  ကုမ္ပဏီဟာ သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ထောင်ချီတဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။  အွန်လိုင်းကနေ ဝယ်လိုက်တဲ့ ပေါင်ဒါဘူးတဘူး နမူနာယူ စစ်ဆေးလိုက်တဲ့အခါ ကျောက်ဂွမ်းပါဝင်တဲ့ သဲလွန်စတွေ့ရတယ်လို့ အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။  အဲဒီနောက်မှာတော့ အမေရိကန်နိုင်ငံထဲမှာ ကလေးပေါင်ဒါဘူးပေါင်း သုံးသောင်းသုံးထောင်ကို ပြန်သိမ်းလိုက်တယ်လို့ Johnson & Johnson  ကုမ္ပဏီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောပါတယ်။  အမျှင်ပုံဆောင်ခဲတွေပါတဲ့ သဘာဝဆီလီကာ တွင်းထွက်ပစ္စည်းဖြစ်တဲ့ ကျောက်ဂွမ်းဟာ ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။  ကျောက်ဂွမ်းမှုန့်ကို ရှူမိရင်တော့ အဆုတ်နာရောဂါနဲ့ တခြားကင်ဆာရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ ကျောက်ဂွမ်းဟာ အပူဒဏ်ခံနိုင်တာကြောင့် နိုင်ငံတော်တော်များများမှာတော့ အပူဒဏ်ကာကွယ်တဲ့ ပစ္စည်းအနေနဲ့ သုံးကြပါတယ်။
2 years Ago
Up