ကလေးစောင့်ရှောက်ခွင့် ၂၈ ရက်

September 24, 2020

ပြင်သစ် ဖခင်များ ကလေးစောင့်ရှောက်ခွင့် ၂၈ ရက်အထိ ပထမဆုံးရ

ပြင်သစ်နိုင်ငံမှာ ပထမဆုံးအနေနဲ့ ဖခင်ဖြစ်သူရရှိတဲ့ ကလေးစောင့်ရှောက်ခွင့်ရက်ကို ၁၄ ရက်ကနေ ၂၈ ရက်အထိ နှစ်ဆတိုးပေးသွားမယ်လို့ သမ္မတ အီမန်နျူရယ်-မာခွန်းက စက်တင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။  အဲဒီခွင့်ပြုတဲ့ ခွင့်ရက်တွေထဲက ၇ ရက်ကို မဖြစ်မနေ ယူရမှာဖြစ်ပြီး  လက်ရှိမှာ ဖခင်တွေကို ခွင့်ပြုပေးထားတဲ့ ခွင့်ရက်ဟာ သိပ်ကို တိုတောင်းလွန်းတယ်ဆိုပြီး ပြင်သစ်ပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက  သဘောတူထားတယ်လို့ သမ္မတ မာခွန်းက ထပ်လောင်း ပြောဆိုပါတယ်။  ဒီလိုမျိုးဖခင်ကို ကလေးစောင့်ရှောက်ခွင့် ရက်တိုးပေးတာက မိဘရဲ့ အခန်းကဏ္ဍမှာ မိခင်ရော၊ ဖခင်ပါ တန်းတူညီမှု ရှိတယ်ဆိုတာ ပြသတာဖြစ်ပြီး ဒါက ကလေးရဲ့ ဖွံဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ သမ္မတ မာခွန်းက ဆိုပါတယ်။ ဒါဟာ ပြင်သစ်ရဲ့ အနာဂတ်နိုင်ငံသားတွေဆီမှာ ရင်းနှီးမြှုပ်နှံလိုက်တာလို့ မာခွန်းက ပြောခဲ့ပါတယ်။  ပြင်သစ်နိုင်ငံမှာ ၂၀၀၂ ခုနှစ်ကစပြီး ဖခင်ကို ကလေးစောင့်ရှောက်ခွင့်ရက် ခံစားခွင့် ပြုခဲ့ပါတယ်။  အခု သက်တမ်းတိုးမယ့် ခွင့်ရက်ဟာ ၂၀၂၁ ဇူလိုင်လမှာ စတင်အသက်ဝင်မယ်လို့ သမ္မတ မာခွန်းက ပြောဆိုခဲ့ပါတယ်။  
8 months Ago
Up