ကလေးငယ် ၁၅ ယောက်

February 15, 2020

ဟေတီနိုင်ငံတွင် မိဘမဲ့ဂေဟာ မီးလောင်၊ ကလေး ၁၅ ယောက် သေဆုံး

ဟေတီနိုင်ငံက မိဘမဲ့ဂေဟာတခု ဖေဖော်ဝါရီ ၁၄ ရက် ညက မီးလောင်ခဲ့မှုကြောင့် ကလေးငယ် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ကန်းစကော့မြို့က Church of Bible Understanding ဂေဟာ မီးလောင်မှုအတွင်း ကလေး ၂ ယောက် မီးလောင်သေဆုံးခဲ့သလို ၁၃ ယောက်ကတော့ မီးခိုးငွေ့ရှူမိလို့ သေဆုံးခဲ့တာပါ။ အဲဒီဂေဟာမှာ ကလေးငယ် ၆၀ ဝန်းကျင်ရှိပြီး ဂေဟာဖွင့်လှစ်ခွင့်လိုင်စင် မရှိဘူးလို့ လူမှုဖူလုံရေးအဖွဲ့ညွန်မှူးက ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံအတွင်းရှိ လိုင်စင်မဲ့ မိဘမဲ့ဂေဟာ ရာချီနဲ့ပတ်သက်လို့ အငြင်းပွားစရာ ပြန်ဖြစ်စေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရပေမယ့် ဂေဟာထဲမှာ မီးပျက်ပြီး မီးစက် အလုပ်မလုပ်တာကြောင့် သူတို့ဟာ ဖယောင်းတိုင်မီး ထွန်းခဲ့တယ်လို့ ကလေးငယ်တဦးက ပြောပါတယ်။ ဟေတီနိုင်ငံရဲ့ မိဘမဲ့ဂေဟာ ၇၅၄ ခု ရှိတဲ့ထဲမှာမှ ၃၅ ခုသာ တရားဝင်ခွင့်ပြုချက်ရ ရထားပြီး နောက်ထပ် ၁၀၀ လောက်ဟာ ခွင့်ပြုမိန့်လိုင်စင်ရဖို့ ကြိုးစားနေပါတယ်။  ပြီးခဲ့တဲ့ ၅ နှစ်ကာလအတွင်း ဟေတီအစိုးရဟာ ဂေဟာပေါင်း ၁၆၀ ခန့်ကို ပိတ်ပစ်ခဲ့ပြီး ဂေဟာဖွင့်ခွင့် တားမြစ်ထားတယ်လို့ လူမှုဖူလုံရေးအဖွဲ့ ညွန်မှူးက ရှင်းပြပါတယ်။   ဟေတီနိုင်ငံရဲ့ မိဘမဲ့ဂေဟာတွေမှာ ကလေးအယောက် ၃ သောင်းဝန်းကျင်ရှိပြီး ကလေး ၅ ယောက်မှာ ၄ ယောက်က သက်ရှိထင်ရှား မိဘတွေ ရှိတယ်လို့ ဟေတီအစိုးရက ပြောပါတယ်။  ဟေတီလူဦးရေ ၁၁ ဒသမ ၂ သန်းရဲ့  ၆၀ ရာခိုင်နှုန်းဟာ တနေ့ကို ၂ ဒေါ်လာခွဲအောက် ဝင်ငွေနဲ့ ရပ်တည်နေရတယ်လို့လည်း ကမ္ဘာ့ဘဏ် ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။
1 year Ago
Up