ကလေးငယ်၁ဦးကျည်ထိမှန်

March 29, 2021

မြစ်ကြီးနား၌ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး ကျည်ထိမှန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် နယ်မြေ၁၄ (က)မှာ မတ်လ ၂၉ ရက် ဒီနေ့ မနက် ၁၁ နာရီကျော်လောက်က ရဲနဲ့ စစ်တပ်လက်နက်ကိုင်တွေက အိမ်စီးကားတွေအသုံးပြုပြီး အင်အား ၃၀ လောက်နဲ့  ရပ်ကွက်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့လို့ ကျည်အစစ်ထိမှန်သူ ၂ ယောက်နဲ့ ရာဘာကျည်ထိမှန်သူ ၃ ယောက်ရှိတယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။ 

”ကားနဲ့ဝင်လာပြီး ကျနော့် အိမ်ရှေ့မှာ ကျည်အစစ်နဲ့ပစ်လို့ ထရံကိုဖောက်၊ ဘီရိုထဲမှာထားတဲ့စောင်က ပေါက်ပြီးအိမ်ထဲမှာထိုင်နေတဲ့ ကလေးရဲ့ ညာဘက်ပါးကို မှန်တာပါ အခုတော့ ပါးကို ချုပ်ထားပြီ သက်သာပါတယ်။ ပေါင်မှာကျည်အစစ်မှန်တဲ့ အမလည်း ဆေးကုသမှုခံယူခဲ့ပြီ သက်သာပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပစ်ခတ်မှုမှာ ရမ်ပူရပ်ကွက်အတွင်းမှာ ညာဘက်ပါးကို ကျည်အစစ်ထိမှန်သူ ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ယောက်၊ ပေါင်ကိုကျည်အစစ်မှန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရာဘာကျည်ထိမှန်သူ အမျိုးသား ၃ ယောက်ရှိခဲ့ပါတယ်။

ရမ်ပူရပ်ကွက်၊ အေးစေတီရပ်ကွက်မှာလည်း ဆန္ဒပြသူတွေ ကာရံထားတဲ့  အတားအဆီးတွေကို ရဲနဲ့စစ်တပ်လက်နက်ကိုင်တွေက ဘူဒိုဇာတွနဲ့ ဖယ်ရှား ရှင်းလင်းခဲ့ကြပါတယ်။

2 months Ago
Up