ကလိဆေးရုံ

A d v e r t i s e m e n t With Us

September 12, 2020

ပဲခူး ပိုးတွေ့လူနာ ဖုန်းအော်ပရေတာ အမျိုးသမီးနှင့်ထိတွေ့ခဲ့သူများကို Quarantine ထားရှိ

ပဲခူးမြို့ ICON မှာ အလုပ်လုပ်တဲ့ တယ်လီဖုန်းအော်ပရေတာ ၀န်ထမ်းအမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် ကလိဆေးရုံကို ပို့ဆောင်ကုသထားပြီး ထိတွေ့ခဲ့သူတွေကို ပဲခူးတက္ကသိုလ်မှာ Quarantine ၀င်ခိုင်းထားပါတယ်။ ကျန်းမာရေး၀န်ကြီးဌာနကနေ စက်တင်ဘာလ ၁၁ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၁၅၇ ထပ်မံတွေ့ရှိတဲ့ထဲမှာ ပဲခူးမြို့က အတည်ပြုလူနာ ၁ ဦး ပါ၀င်ခဲ့တာပါ။ အခုတွေ့ရှိတဲ့ ပဲခူးမြို့က အတည်ပြုလူနာက ပဲခူးမြို့ နာရီစင်အနီး ICON အပေါ်ဆုံးထပ်မှာ အလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် တယ်လီဖုန်းအော်ပရောတာ အမျိုးသမီး၀န်ထမ်း ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။  သူက စက်တင်ဘာ ၉  ရက်နေ့ကတည်းက အနံ့မရလို့ဆိုပြီး ကျန်းမာရေးဌာနကို အကြောင်းကြားတဲ့အတွက် ပဲခူးပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ်ထားရှိကာ ဆေးကုသခံယူနေသူဖြစ် တယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။ သူ အလုပ်လုပ်ခဲ့တဲ့ ICON ကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက ပိတ်ခိုင်းထားပြီး ပိုးသက်ဆေးဖျန်းတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။  အဲဒီအမျိုးသမီး အလုပ်လုပ်တဲ့ ICON က တယ်လီဖုန်းအော်ပရေတာ ရုံးခန်းအတွင်းမှာ သူနဲ့အတူတူ လုပ်ဖော်ကိုင်ဖက် ၂ ဦးရှိတယ်လို့ ဆိုပါတယ်။ ပိုးတွေ့လူနာအဖြစ် အတည်ပြုလိုက်ပြီးနောက် မိဘတွေနဲ့ အတူအလုပ်လုပ်တဲ့ ၀န်ထမ်း ၂ ဦး၊ အလုပ်သွားအပြန် ကြိုပို့လုပ်ပေးတဲ့ ဆိုင်ကယ်သမားမိသားစု အပါအဝင် ၁၁ ဦးကို Home Quarantine ထားရာကနေ ပဲခူးတက္ကသိုလ်မှာ Facility Quarantine ဝင်ခိုင်းထားတယ်လို့  ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။ အခု ပဲခူးမြို့က အတည်ပြုလူနာ အမျိုးသမီးနဲ့ပါဆို ပဲခူးတိုင်းအတွင်းမှာ ရောဂါပိုးတွေ့ရှိသူ ၅၁ ဦးထိရှိပြီး လက်ရှိအခြေအနေမှာ အားလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။ သတင်း - အောင်စိုးမိုး
6 months Ago

September 5, 2020

ကဝမြို့နယ်က ဆေးရုံဝန်ထမ်း ကိုဗစ်-၁၉ ပိုးတွေ့လူနာကို ကလိဆေးရုံ ပို့ဆောင်ကုသ

ပဲခူးတိုင်း၊ ကဝမြို့နယ်က ဆေးရုံဝန်ထမ်းတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတဲ့အတွက် ပဲခူးမြို့က ကလိဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေ ကဝမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးတွေ့ရှိကြောင်း ဒီနေ့မနက် ၈ နာရီက ထုတ်ပြန်ကြေညာထားပါတယ်။ အဲဒီကဝမြို့နယ်က ပိုးတွေ့လူနာက ကဝမြို့နယ် သက္ကလတိုက်နယ်ဆေးရုံမှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပါတယ်။  ဘယ်ကကူးတယ်ဆိုတာ မသိရသေးသလို ခရီးသွားရာဇဝင်လည်းမရှိဘဲ သုံး လေးရက်လောက် အပြင်းဖျားနေတဲ့အတွက် သံသယလူနာအဖြစ်ထားရှိကာ ဓာတ်ခွဲနမူနာစစ်ဆေးရာမှ အခုလိုပိုးတွေ့ရှိတာလို့ က၀မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမောင်မောင်ချစ်က ပြောပါတယ်။ လောလောဆယ်မှာ ပိုးတွေ့လူနာရဲ့ ရာဇဝင်ကို ဘာမှမသိရသေးတဲ့အတွက် သူနဲ့ ထိတွေ့မှုတွေရှိတဲ့ မိသားစုတွေ၊ ဆေးရုံဝန်ထမ်းတွေ၊ ဆေးရုံလူနာစောင့်တွေ အားလုံးကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းမှာ ဒီနေ့ ပိုးတွေ့လူနာအပါအဝင် ၃၂ ဦးထိ ရှိပြီလို့ သိရပါတယ်။ ပြည်ပကပြန်လာသူတွေ၊ ရခိုင်က ပြန်လာသူတွေနဲ့ ရန်ကုန်တိုင်းမှာ Stay Home လုပ်ထားတဲ့ ၇ မြို့နယ်က ပြန်လာသူတွေကို ပဲခူးတိုင်း Quarantine စင်တာတွေမှာ ကန့်သတ်ထားရှိပြီး Swap ယူစစ်ဆေးကာ ကြိုတင်ကာကွယ်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ သတင်း - အောင်စိုးမိုး
6 months Ago
Up