ကလပ်အသင်းစာရင်း

March 17, 2020

ဥရောပ၏ တန်ကြေးအမြင့်မားဆုံး ကလပ်အသင်းစာရင်းကို လီဗာပူး ဦးဆောင်

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ဥရောပထိပ်သီးလိဂ် ငါးခုရဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်း တန်ကြေးအကြီးမားဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ CIES ဘောလုံးအားကစား စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ စစ်တမ်းကောက်ယူမှုတခုမှာ ဖော်ပြပါတယ်။  လီဗာပူးအသင်းဟာ စုစုပေါင်းတန်ကြေး ယူရို ၁ ဒသမ ၄ ဘီလီယံ (ပေါင် ၁ ဒသမ ၂၇ ဘီလီယံ) နဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒုတိယနေရာမှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းက ပေါင် ၁ ဒသမ ၂၄ ဘီလီယံနဲ့ ရပ်တည်နေပါတယ်။  ဒီစစ်တမ်းကောက်ယူမှုမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ အပါအဝင် အသင်း ၅ သင်းဟာ နံပါတ် ၁၀ အတွင်းမှာ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းက နံပါတ် ၅၊ ယူနိုက်တက်အသင်းက နံပါတ် ၆ နဲ့ စပါးအသင်းတို့ဟာ နံပါတ် ၉ နေရာတို့မှာ  ရပ်တည်နေပါတယ်။  ထိပ်တန်းလိဂ်ငါးခုအတွင်း တန်ကြေးအနည်းပါးဆုံး အသင်းကတော့ ဘွန်ဒက်စ်လီဂါကလပ် ပီဒါဘွန်းဖြစ်ပြီး စုစုပေါင်း ပေါင် ၃၃ ဒသမ ၇ သန်းနဲ့ အောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။  ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးဖို့အတွက် နိုင်ပွဲနှစ်ပွဲသာ လိုအပ်ပါတော့တယ်။  မာဆေးဆိုဒ်အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာလည်း ချန်ပီယံလိဂ်ဖလားအပြင် ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။  ဒီစာရင်းရဲ့နံပါတ် ၅ နေရာက လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ အံ့သြသင့်ဖွယ် ပါဝင်နေပြီးတော့ ဒီလို ပါဝင်နေရတာက အပြောင်းအရွှေ့ ပိတ်ပင်ခံခဲ့ရမှုနောက်ပိုင်း လူငယ်ခြေတက် ကစားသမားများစွာကို အသင်းမှာ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ CIES က ပြောပါတယ်။  ဒီစစ်တမ်းကောက်ယူမှု လုပ်ဆောင်ရာမှာ CIES ဟာ ကစားသမားတွေရဲ့ အသက်အရွယ်၊ စွမ်းဆောင်ရည်၊ ကလပ်အသင်းအေပါ် စီးပွားရေးဆိုင်ရာ အကျိုးပြုမှု စတဲ့အကြောင်းအရာတွေကို အခြေခံထားတယ်လို့ သိရပါတယ်။  ထွက်ပေါ်လာတဲ့စာရင်းအရ ပီအက်စ်ဂျီအသင်းရဲ့ ကမ္ဘာ့ဖလားချန်ပီယံ တိုက်စစ်မှူး ကိုင်ယလီယန် အမ်ဘတ်ပီဟာ တန်ကြေးပေါင် ၂၂၇ သန်းကျော်နဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။  ထိပ်ဆုံး ၁၀ သင်းစာရင်း ၁။ လီဗာပူးလ်(အင်္ဂလန်) ယူရို ၁၄၀၅ သန်း ၂။ မန်စီးတီး(အင်္ဂလန်) ယူရို ၁၃၆၁ သန်း ၃။ ဘာစီလိုနာ(စပိန်) ယူရို ၁၁၇၀ သန်း ၄။ ရီးရဲလ်မက်ဒရစ် (စပိန်) ယူရို ၁၁၀၀ သန်း ၅။ ချဲလ်ဆီး(အင်္ဂလန်) ယူရို ၁၀၀၈ သန်း ၆။ ယူနိုက်တက်(အင်္ဂလန်) ယူရို ၁၀၀၇ သန်း ၇။ ပီအက်စ်ဂျီ(ပြင်သစ်) ယူရို ၉၇၉ သန်း ၈။ အက်သလက်တီကို(စပိန်) ယူရို ၈၃၆ သန်း ၉။ တော့တင်ဟမ်(အင်္ဂလန်) ယူရို ၇၈၇ သန်း ၁၀။ ဂျူဗင်တပ်စ်(အီတလီ) ယူရို ၇၈၃ သန်း
2 years Ago
Up