ကလပ်အသင်း

A d v e r t i s e m e n t With Us

May 3, 2020

လင်ဂတ်ကိုခေါ်ယူရန် ပရီးမီးယားလိဂ် ၄ သင်း စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ၄ သင်းက စိတ်ဝင်စားနေပါတယ်။  လင်ဂတ်ဟာ အသင်းနဲ့ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်ယူဖို့ ပြင်ဆင်လာကြတာပါ။  လင်ဂတ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်ထားနိုင်ခြင်းမရှိခဲ့တာကြောင့် ရောင်းချဖို့ရှိတယ်လို့လည်း သတင်းထွက်ပေါ်နေတာပါ။  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လက်စတာ၊ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်အသင်းတွေကတော့ လင်ဂတ်ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ 90 Min သတင်းမှာ ဖော်ပြပါတယ်။  လင်ဂတ်အနေနဲ့ကတော့ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။  ဒါပေမဲ့ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ရှိနေတဲ့ ဆိုးလ်ရှားဟာ ဂျော်ဒန်ဆန်ချို၊ ဂရီးလစ်ရှ် တို့လို ကစားသမားတွေကို ခေါ်ယူလိုတာကြောင့် လင်ဂတ်ကို ရောင်းချဖို့ ရှိတယ်လို့ သိရပါတယ်။
10 months Ago

May 2, 2020

ပရီမီးယားလိဂ် ပြန်စနိုင်ရေး ကလပ်အသင်းတာဝန်ရှိသူများ ဆွေးနွေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီ ပြန်လည်စတင်နိုင်ရေးအတွက် ကလပ်အသင်းတွေရဲ့ တာဝန်ရှိသူတွေက မေ ၁ ရက်နေ့က  ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုကနေ တစုံတရာ ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည်စတင်ဖို့အတွက် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်နေဆဲ ဖြစ်ပါတယ်။  “ဒီရာသီကိုပြန်လည်စတင်နိုင်ရေးအတွက် ကလပ်အသင်းတွေဟာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။ ကစားသမားတွေ၊ နည်းပြတွေ၊ မန်နေဂျာတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ပရိသတ်တွေအပါအဝင်  လူ့အဖွဲ့အစည်းရဲ့ ဘေးကင်းလုံခြုံရေးကို အဓိကထားဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြန်လည်စတင်ချိန်မှာ အစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာသွားမှာ ဖြစ်ပါတယ်” လို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တစောင်မှာ ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ရေးအတွက် “Project Restart” လို့ခေါ်တဲ့ စီမံကိန်းပါ သတ်မှတ်ချက်တွေကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဒီစီမံကိန်းအရ ပွဲစဉ်တွေကို ဇွန် ၈ ရက်မှာ ပြန်လည်စတင်ဖို့ လျာထားပါတယ်။  ဒီသတ်မှတ်ချက်တွေမှာ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေဟာ မျက်နှာအကာအကွယ်တွေအပြင် တခြားသော လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာရမှာဖြစ်ပြီး ဘောလုံးတွေကို အသုံးမပြုခင်နဲ့ အသုံးပြုပြီးချိန်မှာ ပိုးသတ်ဖို့ သတ်မှတ်ထားပါတယ်။ ပြင်သစ်နဲ့ နယ်သာလန်လိဂ်တွေကို ဖျက်သိမ်းလိုက်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကိုလည်း ဖျက်သိမ်းလိုက်နိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပေမယ့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ ဖျက်သိမ်းရေးထက် စိတ်ချရတဲ့ အခြေအနေတရပ်မှာ ပွဲစဉ်တွေကို ပြန်လည်စတင်ဖို့ ပိုပြီးအားသန်နေပါတယ်။  ဒီအတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ကစားသမားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို လျစ်လျူရှိပြီး ငွေမျက်နှာတခုတည်း ကြည့်နေတယ်လို့လည်း ပရီးမီးယားလိဂ်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ထားပါတယ်။
10 months Ago
Up