ကလပ်အမေရိက

July 20, 2018

ရာသီကြိုခြေစမ်းပွဲတွင် မန်ယူနှင့် ကလပ်အမေရိက ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

လာမယ့် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းပွဲတွေ ကစားဖို့ အမေရိကန်မှာ ရောက်နေတဲ့ မန်ယူအသင်းဟာ ပထမဆုံးပွဲစဉ်အဖြစ် ကလပ်အမေရိကနဲ့ ဒီနေ့မနက်က ယှဉ်ပြိုင်ရာ တဖက် တဂိုးစီ သရေကျသွားပါတယ်။ မန်ယူဟာ အရန်ကစားသမား အများအပြားနဲ့ ပွဲထွက်ခဲ့ပြီး ဂိုးသမားအဖြစ် ဂရန့်၊ နောက်တန်းမှာ ဗလင်စီယာ၊ ဘိုင်လီ၊ စမောလင်းနဲ့ လုခ်ရှော၊ ကွင်းလယ်မှာ ဟာရဲယား၊ မက်တော်မီနေးနဲ့ ပီရဲရား၊ ရှေ့တန်း တောင်ပံနှစ်ဖက်မှာ မာတာနဲ့ မစ်ခ်ျချဲ၊ အထောင်တိုက်စစ်မှူးအဖြစ် မာရှယ်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲချိန် ပထမပိုင်းမှာ မန်ယူတိုက်စစ်မှူးတွေ ကန်သွင်းချက် လွဲချော်တာ၊ တိုင်ထိထွက်တာတွေ ရှိခဲ့သလို ကလပ်အမေရိကရဲ့ ထိုးဖောက် ကန်သွင်းမှုတွေလည်း ကောင်းမွန်ပေမယ့် မန်ယူဂိုးသမားနဲ့ နောက်ခံလူတွေ ကာကွယ်ဖျက်ထုတ်နိုင်တာကြောင့် ဂိုးမရှိ သရေရလဒ် ထွက်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ကလပ်အမေရိက တိုက်စစ်မှူး မာတင်က ပွဲချိန် မိနစ် ၆၀ မှာ ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် မန်ယူက တိုက်စစ်ဆင်ကစားပြီး ပွဲချိန် ၇၈ မိနစ်မှာ မာတာက ချေပဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီး တဖက်တဂိုးစီ သရေကျသွားပါတယ်။ မန်ယူဟာ ဒုတိယ ခြေစမ်းပွဲအဖြစ် လာမယ့် ဇူလိုင် ၂၂ ရက်နေ့မှာ ဆန်ဂျိုးအက်ကွေ့အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
5 years Ago
Up