ကလစ်ချီ

November 24, 2020

မက်ဆီကို ခေါ်ယူခြင်းဟာ မန်စီးတီးအသင်းအတွက် စွန့်စားမှု ဖြစ်နိုင်ဟု ကလစ်ချီ သုံးသပ်

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရှိနေဆဲဖြစ်ပြီး အင်္ဂလိပ် ဘောလုံးလောကနဲ့ အံဝင်နိုင်ပေမယ့် သူ့ကိုခေါ်ဖို့ဆိုရင် မေးခွန်းတွေတော့ ရှိနေဆဲပဲလို့ မန်စီးတီး နောက်ခံလူဟောင်း ဂေးလ်ကလစ်ချီက ပြောပါတယ်။ မက်ဆီ ပရီးမီးယားလိဂ်ကို ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ တဖန် ပြန်လည်ပေါ်ပေါက်လာခဲ့ပါပြီ။ အာဂျင်တီးနားသားဟာ ဘာကာအသင်းကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့နွေရာသီမှာ ကြိုးစားခဲ့ပေမယ့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ အထိ ဘာစီလိုနာမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ သူဟာ လာမယ့်ဇန်နဝါရီလကစလို့ အသင်းပြောင်းဖို့ လွတ်လပ်စွာ စတင်ဆွေးနွေးနိုင်ပြီ ဖြစ်ပြီး ဘာကာနည်းပြဟောင်း ဂွါဒီယိုလာရှိတဲ့ မန်စီးတီးအသင်းက မက်ဆီကို ခေါ်ယူနိုင်ဖို့ တခြားအသင်းတွေထက်ပိုပြီး အလေးထားနေပါတယ်။ မက်ဆီကို ခေါ်ဖို့ ကြိုးစားမှုဟာ ကောင်းမွန်တဲ့ကိစ္စလို့ မန်စီးတီး နောက်ခံလူ ကလစ်ချီက လက်ခံထားပေမယ့် ဒီအပြောင်းအရွှေ့ကို မစတင်ခင်မှာ မေးခွန်းများစွာတော့ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။  “ရော်နယ်ဒိုက မတူတဲ့ လိဂ် ၃ ခုမှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး မက်ဆီကတော့ စပိန်မှာပဲ ရှိနေခဲ့ပါတယ်။ ဒါဆို အရာအားလုံး အောင်နိုင်ခဲ့တဲ့နေရာကနေ ဘာလို့ ထွက်ခွာဖို့ကြိုးစားမှာလဲ” လို့ ကလစ်ချီက မေးခွန်းထုတ်ပါတယ်။  သူ့ရဲ့အရည်အသွေးကြောင့် မက်ဆီဟာ အင်္ဂလန်မှာလည်း အောင်မြင်မှုရရှိနိုင်သူဖြစ်ပြီး တခြား မန်နေဂျာတွေထက် သူ့အကြောင်း ပိုသိတဲ့ ဂွါဒီယိုလာရှိနေခြင်းကလည်း သူ့ကို အောင်မြင်စေပါလိမ့်မယ်လို့ ကလစ်ချီက ပြောပါတယ်။ ဒီအပြောင်းအရွှေ့မှာ စွန့်စားရမယ့်ကိစ္စ ဖြစ်ပြီး မက်ဆီကိုသာ ရရှိခဲ့မယ်ဆိုရင် မန်စီးတီးအသင်းက ပိုကောင်းလာလိမ့်မယ်လို့လည်း ကလစ်ချီက ယုံကြည်နေပါတယ်။ “မန်စီးတီး ပရိသတ်၊ အသင်းဥက္ကဋ္ဌ အပါအဝင် အသင်းနည်းပြကလည်း မက်ဆီကို အလိုရှိနေနိုင်ပြီး ဒါဟာ မှန်ကန်တဲ့အပြောင်းအရွှေ့ ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ရပါမယ်။ မက်ဆီဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် ကောင်းမွန်တဲ့အားဖြည့်မှုဖြစ်ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်” လို့ ကလစ်ချီက ပြောပါတယ်။ မက်ဆီဟာ သူ ရောက်လာမယ့်အသင်းတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် ကစားသမား ဖြစ်ပြီး ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းမှာသာ ပြန်လည်ပေါင်းစည်းနိုင်မယ်ဆိုရင် ဂွါဒီယိုလာက သူ့နဲ့ကိုက်ညီမယ့် ကစားကွက်ကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ရဲ့ ရာသီဥတုနဲ့ ပွဲစဉ်ဇယားမှာ မက်ဆီ အဆင်ပြေနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း ကလစ်ချီက ပြောပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ မကြာသေးခင်ကမှ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာ ဖြစ်ပြီး ဒီအခြေအနေကလည်း မက်ဆီနဲ့ မန်စီးတီးအသင်းတို့ရဲ့ သတင်းတွေကို ပိုပြီး အသံကျယ်လာစေခဲ့ပါတယ်။
1 year Ago
Up