ကရာချီမြို့

July 28, 2020

ကရာချီမြို့တွင် ရေကြီးမှုကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေး ဗဟိုချက်မ ကရာချီမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန် နှစ်ရက်က ရေကြီးမှုကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၂၇  ရက်မှာ ကြေညာပါတယ်။ ဇူလိုင် ၂၆ ရက်မှာ ရေကြီးမှုနဲ့ ဆက်နွှယ်တဲ့ဖြစ်ရပ်တွေကြောင့် ၅ ယောက် သေဆုံးခဲ့ပြီး ဇူလိုင် ၂၇ ရက်မှာ နောက်ထပ် ၃ ယောက် သေဆုံးတယ်လို့ ကယ်ဆယ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကရာချီမြို့ နေရာအများစုက ရေကြီးနေပြီး တချို့နေရာတွေမှာ ရေအနက် ၃ ပေနီးပါး ရှိပါတယ်။ ဆိုရှယ်မီဒီယာနဲ့ ရုပ်သံလိုင်းအမျိုးမျိုးကလည်း ကရာချီမြို့ရဲ့ စိတ်ပျက်ဖွယ် မြင်ကွင်းတွေကို  ပြသခဲ့ပါတယ်။ ရေကြီးမှုကြောင့် အဓိကလမ်းဆုံလမ်းမကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်ခဲ့တဲ့အပြင် ကရာချီမြို့ ဒေသခံတွေဟာ လျှပ်စစ်မီးပြတ်တောက်တာကိုလည်း အချိန်အကြာကြီး တွေ့ကြုံရတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။
1 year Ago

May 23, 2020

ပါကစ္စတန် လေယာဉ်ပျက်ကျခဲ့မှုကြောင့် ၉၇ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချီမြို့က လူနေထူတဲ့ ရပ်ကွက်တခုပေါ် လေယာဉ်တစီး ပျက်ကျခဲ့တာကြောင့်   ၉၇ ယောက် သေဆုံးပြီး ၂ ယောက်  အသက်ရှင်လွတ်မြောက်တယ်လို့  အာဏာပိုင်တွေက မေလ ၂၃  ရက်မှာ အတည်ပြုခဲ့ပါတယ်။  လူ ၉၉ ယောက် လိုက်ပါလာတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (PIA)  ပိုင် ဂျက်လေယာဉ်ဟာ မေလ ၂၂ ရက် ညနေ  ၃ နာရီ အချိန်က  ကရာချီမြို့အနီး ဂျင်းနားအပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုအဆင်း မိနစ်ပိုင်းအလိုမှာ လူနေရပ်ကွက်တခုပေါ် ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျရာ နေရာကို စစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေ အမြန်ရောက်လာပြီး  ၂၄ နာရီပတ်လုံး ရှာဖွေ ကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ပြည်တွင်းခရီးစဉ်တွေ ပြန်ပြေးဆွဲချိန်မှာ Airbus A320  လေယာဉ်က နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ကနေ  တောင်ပိုင်း ကရာချီမြို့ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။   လေဆိပ်ကို ချဉ်းကပ်ချိန်မှာ စက်ချို့ယွင်းမှုကြောင့်  လေယာဉ်ဘီး ချမရ ဖြစ်ခဲ့ဖွယ် ရှိပေမယ့် ပျက်ကျရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့ စောလွန်းသေးတယ်လို့ အရပ်ဘက်လေကြောင်း အရာရှိတဦးက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။
1 year Ago
Up