ကရင်နှစ်သစ်ကူး​ပွဲတော်

A d v e r t i s e m e n t With Us

December 26, 2019

ကရင်နှစ်သစ်ကူး​ပွဲတော် ဟင်္သာတနှင့် ဖျာပုံမြို့နယ်တို့တွင် ကျင်းပ

အာဇာနည်​ခေါင်း​ဆောင်ကြီး မန်းဘခိုင်ရဲ့ ဇာတိရွာဖြစ်တဲ့ ဧရာဝတီတိုင်း​၊ ဟင်္သာတမြို့နယ် ယုန်သလင်း​ကျေးရွာမှာ (၈၂) ကြိမ်​မြောက် ကရင်နှစ်သစ်ကူး​နေ့အ ခမ်းအနားကို ဒီကနေ့ မနက်က ကျင်းပပါတယ်။ အခမ်းအနားကို အမျိုးသားလွှတ်​တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ​ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားခြင်း အပါအဝင် ကရင်နှစ်သစ်ကူး​နေ့ ဖြစ်​ပေါ်လာပုံကို မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စ​ကောကရင်ဘာသာနဲ့ ရှင်းလင်း​ပြောကြားခဲ့ပြီး ကရင်ရိုးရာ ဒုံးအကတွေနဲ့ ဧည့်ခံ​ဖျော်ဖြေကြပါတယ်။ ယုန်သလင်းတိုက်နယ်​မှာ ​ကျေးရွာအုပ်စု ၉ အုပ်စုရှိပြီး ​ကျေးရွာ​ပေါင်း ၉၇ ရွာရှိကာ ကရင်လူမျိုးအများစု​နေထိုင်တဲ့ တိုက်နယ်​ဒေသလည်း ဖြစ်ပါတယ်။ အရင်နှစ်တွေက ကရင်နှစ်သစ်ကူး​နေ့အခမ်းအနားကို ယုန်သလင်း​ကျေးရွာပဲ စု​ပေါင်းကျင်းပခဲ့ပေမယ့် ဒီနှစ်မှာ​တော့ တိုက်နယ်အတွင်းမှာပါဝင်တဲ့ သမုဒ္ဒရိုးအုပ်စု ဇီးကုန်း​ကျေးရွာ၊ လိပ်ခုံးအုပ်စု ဗမော်​နဝင်းကျေးရွာ၊ ယုန်သလင်းအုပ်စု ယုန်သလင်း​ကျေးရွာစတဲ့​နေရာ ၃ ​နေရာမှာကျင်းပခဲ့ကြတာပါ။ အလားတူ ဖျာပုံမြို့က မြန်မာနှစ်ချင်းခရစ်ယာန်အသင်းတော် အားကစားကွင်းမှာလည်း  ဒီကနေ့မနက် ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနား ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ကရင်အမျိုးသားအလံတော်ကို တိုင်ထိပ်လွှင့်တင်ခဲ့ပြီးနောက် အလံတော်အား အလေးပြုကာ ကရင်အမျိုးသားသီချင်း သီဆိုခဲ့ကြပါတယ်။ အင်္ဂလိပ်အစိုးရလက်ထက်မှာ ကရင်အမျိုးသားနေ့ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြရာမှာ ၁၉၃၈ ဇန်ဇဝါရီ ၁ ရက်နေ့ မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ်သတ်မှတပြီး စတင်ကျင်းပခဲ့တယ်လို့' ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောအောင်ချစ်ဆွေက ပြောပါတယ်။ နောင်လာနောင်သား ကရင်လူမျိုးတွေ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အခုလို ပါဝင်ဆင်နွှဲခဲ့တာပါလို့ နော်မူမူဝင်းက ဆိုပါတယ်။ ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်မှာ အားကစားပွဲတွေ၊  ပျော်ပွဲ ရွှင်ပွဲတွေ၊ ကရင်ဒုံးယိမ်းအကတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။ သတင်း-​ဌေးလှိုင်၊ ကျော်စိုးမိုး
1 year Ago
Up