ကရင်နီလူငယ် ၆ ဦး၏အမှုပြင်ဆင်ချက် တရားလိုဘက်ကပြန်ရုပ်သိမ်း

December 6, 2019

ကရင်နီလူငယ် ၆ ဦး၏အမှုပြင်ဆင်ချက် တရားလိုဘက်ကပြန်ရုပ်သိမ်း 

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးအမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်မှုအပေါ် မကျေနပ်လို့ ပြည်နယ်အစိုးရက ခရိုင် တရားရုံးမှာ ပြင်ဆင်ချက်တင်ထားတာကို  ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။  အဆိုပါအမှုနဲ့ ပတ်သက်ပြီး လွှိုင်ကော်ခရိုင်တရားရုံးမှာ ဒီကနေ့  ကြားနာရာမှာ အမှု ပြင်ဆင်ချက်ပြန်လည်ရုပ်သိမ်းဖို့ ပြင်ဆင်ချက်ဝင်ခဲ့သူတွေဘက်က ပြန်ရုပ်သိမ်းလိုက်တာပါ။  ဒါကြောင့် ဒီပြင်ဆင်ချက်ရုပ်သိမ်းဖို့ နှစ်ဖက်လျှောက်လဲချက်ကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားတယ်လို့ လူငယ်တွေရဲ့ ရှေ့နေ ခူးပိုးရယ် (ခေါ်)ဦးစောခူးတလေက ပြောပါတယ်။ “ဒီရက်က တရားသူကြီးပြောတာကတော့ ဒီပြင်ဆင်မှုကို ပြန်ရုပ်ဖို့ လူကြီးတွေဘက် လျှောက်ထားတာ ရှိပါတယ်။ ဒါကို ကျနော်တို့ ၂၀ ရက်နေ့ ကြားနာပြီးတဲ့ နောက်ပိုင်းမှာ ရုပ်သိမ်းခွင့်ပြုမပြုဆိုတဲ့ဟာကို  စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ” ဒီကနေ့ရုံးချိန်းကိုတော့ ထောင်က ပြန်လွတ်လာပြီဖြစ်တဲ့  ကရင်နီလူငယ် ခူးကြူးဖဲကေး (ခ) ဂူးဂူး တယောက်ထဲသာ တရားရုံးကို လာရောက်ခဲ့ပါတယ်။ တရားလိုဘက်က တရားလွှတ်တော်ရှေ့နေ  ဦးစောခူးတလေနဲ့ ဒေါ်ခင်မိုးမိုးတို့က လိုက်ပါကူညီဆောင်ရွက်ပေးဖို့ ရှေ့နေပါဝါ ဒီကနေ့ ပူးတွဲတင်ထားပါတယ်။  ခုလိုပြင်ဆက်ချက်တက်သူတွေဘက်က အမှဒကို ပြန်လည်ရုပ်သိမ်းလိုက်တာဟာ အထက်တာဝန်ရှိသူတွေက ညွန်ကြားလိုက်လို့ ဖြစ်တယ်လို့လည်းသိရပါတယ်။  ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးအမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်မှုဟာ နည်းတယ်ဆိုပြီး ကျေနပ်မှုမရှိတဲ့အတွက် ပြည်နယ်အစိုးရကိုယ်စား တရားလို ဦးသက်နောင်က နိုဝင်ဘာ ၂၂ နေ့မှာ  လွိုင်ကော်ခရိုင်တရားရုံးမှာ အမှုပြင်ဆင်ချက် တက်ထားတာဖြစ်ပါတယ်။ အဆိုပါ ပြင်ဆင်ချက်လျှောက်လွှာမှာ  ကရင်နီလူငယ် ခူးကြူးဖဲကေး (ခ)ဂူးဂူး၊ ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ကိုစစ်မုန်း(ခ) ဒီးဒီတို့ဟာ ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ ကယားပြည်နယ် စီမံဘဏ္ဍာဝန်ကြီးတို့ရဲ့အမည်တွေကို ဖော်ပြထားတဲ့အပြင် နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးရဲ့ ရန်သူများ၊ ကျေးဇူကန်းသူများစသဖြင့် သုံးနှုန်ဖော်ပြထားခြင်းဟာ ပုဂ္ဂိုလ်ဆိုင်ရာဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင်သူတို့ ကိုယ်စားပြုထားတဲ့ကယားပြည်နယ်အစိုးရအဖွဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ဖော်ပြပါတယ်။ နိုင်လွတ်လုံပုဒ်မနဲ့ တရားစွဲထောင်ချခံရတဲ့ ကရင်နီလူငယ် ၆ ဦးထဲက ခူးကြူးဖဲကေး (ခ) ဂူးဂူးကတော့ လွတ်ရက်စေ့လို့ နိုဝင်ဘာ ၂၅ ရက်နေ့က ပြန်လွတ်လာတာဖြစ်ပါတယ်။ ကျန်သူ ၅ ဦးကတော့ ဒီဇင်ဘာ ၁၃ ရက်နေ့မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်။
3 years Ago
Up