ကရင်ရိုးရာ ချည်ဖြူမင်္ဂလာအခမ်းအနား ပြည်ခရိုင်တွင် ကျင်းပ

August 20, 2018

ကရင်ရိုးရာ ချည်ဖြူမင်္ဂလာအခမ်းအနား ပြည်ခရိုင်တွင် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ သဲကုန်းမြို့မှာ  ပထမအကြိမ် ကရင်ရိုးရာ ချည်ဖြူမင်္ဂလာ အခမ်းအနား  သြဂုတ် ၂၀ ရက်မနက်က ကျင်းပပါတယ်။ ဒီရိုးရာပွဲက ဘာသာကိုးကွယ်ယုံကြည်မှုနဲ့မဆိုင်ပဲ ကရင်တိုင်းရင်းသားတိုင်းလုပ်ကြတဲ့ ဓလေ့တခုဖြစ်တယ်လို့  ကရင်စာပေဆရာမ နော်ဆွေဇင်ပြုံးကပြောပါတယ်။ “အဓိက မပါမဖြစ် အနေနဲ့ ချည်ဖြူ၊ စကော၊ ငှက်ပျောသီး၊ ကောက်ညှင်း၊ ကြံ၊ ရေ၊ ထမင်းဆုပ်၊ ယောင်းမ၊ နတ်ပန်းဖြူ၊ နတ်ပန်းညို ဆိုပြီး ပစ္စည်း ၉ မျိုး ပါပါတယ်။ အဲဒီမှာ ချည်ဖြူက ဝါဂွမ်းစစ်စစ်ကို ပြုလုပ်ရပြီး ဖြူစင်သန့်ရှင်းတဲ့ သဘောကိုဆောင်ပါတယ်။ ယောင်းမက ဘယ်လောက်ပဲ ပူပြင်းပါစေ၊ ပူပြင်းတဲ့ဒဏ်ကို ခံနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပြီး ငှက်ပျောသီးက အခိုင်လိုက်သီးတတ်တဲ့ သဘောသဘာဝဖြစ်ပြီး ဥမကွဲသိုက်မပျက်ဆိုတဲ့ အတိတ်ကို ဆောင်ပါတယ်။ နောက်ပြီး ကောက်ညှင်းကတော့ ဆေးကပ်တဲ့သဘောကို ဆောင်တဲ့အတွက် လွယ်လွယ်နဲ့ သွေးခွဲလို့ မရဘူးဆိုတဲ့ သဘောဖြစ်ပြီး နတ်ပန်းညိုက အမြစ်က အစုလိုက်အပြုံလိုက်ရှိပြီး ရာသီဥတုဒဏ်တွေကို ခံနိုင်ရည်ရှိပါတယ်။ ရေကတော့ ကြည်လင်အေးမြတဲ့ သဘောကို ဆောင်တယ်ဆိုတဲ့ အတိတ်နိမိတ်ကိုယူပြီး ပစ္စည်း ၉ မျိုးကို မဖြစ်မနေ ထည့်သွင်းထားရတယ်”လို့ ရှင်းပြပါတယ်။ ပြည်ခရိုင်က ရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ စောမျိုးချစ်က “ချည်ဖြူကို လက်မှာ ၃ ပတ် ၅ ပတ် ၇ ပတ် ၉ ပတ်အထိချည်ကြပါတယ် ၉ ပတ်ကတော့ ရဟန်းသံဃာတွေကို ချည်ပေးရတာ ဖြစ်ပါတယ်။အခု လက ကရင်ပြက္ခဒိန်အရ လာခုလ ဆိုတဲ့လဖြစ်ပြီး မြန်မာပြက္ခဒိန်အရ ဝါခေါင်လနဲ့ တော်သတင်းလတွေနဲ့ ကိုက်ညီတတ်ပါတယ်။ ဒီအချိန်က မိုးကျလာပြီး တောထဲ တောင်ထဲတွေကနေ အိမ်ပြန်တဲ့အချိန်ဖြစ်တာကြောင့် လူလဲစုံတဲ့လလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ချည်ဖြူချည်ခြင်းအားဖြင့် လိပ်ပြာပြန်ခေါ်တဲ့ သဘောဖြစ်ပြီး မိစ္ဆာဓိတ္ထိတွေလည်း မနှောက်ရှက်နိုင်တော့ဘူး နောက်ပြီ ဘယ်ဒေသမှာ ပြန်လည်တွေ့တွေ့ ဒီလက်ချည်လေးချည် ထားတာတွေ့ရင် ကရင်တိုင်းရင်းသားဆိုတာကို တန်းသိနိုင်ပါတယ်”လို့ ဒီဗွီဘီကို ရှင်းပြပါတယ်။ လက်ချီပွဲကို ကရင်အခမ်းအနား ဖားစည်ကိုတီးပြီး မျက်နှာခြင်းဆိုင်အနေအထားနဲ့ တယောက်တလက်စီ ခြည်ဖြူချည်ပေးကြပါတယ်။ ဒီနောက် ထမင်းနဲ့ အပ်ချည်ကိုလုံးကာ ခေါင်းပေါ်တင်ပေး လိုက်ရပြီး ရေစင်တိုက်ကြွေးလိုက်ရပါတယ်။ ပဲခူးတိုင်း ပြည်ခရိုင်မှာ သဲကုန်းမြို့နယ်မှာ ကရင်ရွာ ၁၂ ရွာ ပေါက်ခေါင်းမြို့နယ်မှာ ကရင်ရွာ ၆ ရွာ၊ ရွှေတောင်မြို့နယ်မှာ ကရင်ရွာ ၁၆ ရွာ ပေါင်းတည်မှာ ၁၆ ရွာ စုစုပေါင်း ရွာ ၅၀ ရှိပါတယ်။ ဒီနေ့အခမ်းအနားကို ပြည်ခရိုင်ထဲက ကရင်တိုင်းရင်းသား ၅၀၀ ကျော်ခန့် တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားအလံအလေးပြုတာ၊ ကရင်တိုင်းရင်းသားသီချင်း သီဆိုပြီး  ကရင်ဒုံးယိမ်းအကတွေနဲ့ သီဆိုကခုန်ခဲ့ကြပါတယ်။
5 years Ago
Up