ကရင်ရိုးရာ

August 28, 2018

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ရန်ကုန်တွင် ကျင်းပ (သတင်းဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ဒီကနေ့ သြဂုတ်လ ၂၈ ရက်က ရန်ကုန် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ  MCC ခန်းမမှာ ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့  ကရင်တိုင်းရင်းသားတွေ ထောင်ချီတက်ရောက်ခဲ့ပါတယ်။ ၀ါခေါင်လ ကရင်လို (လားခူး)ရောက်တိုင်း ကရင်လူမျိုးတွေဟာ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကို အဆောင်အယောင် ၇ မျိုးဖြစ်တဲ့ ထမင်းဆုပ်၊ ကောင်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ပန်း၊ ရေ နဲ့ ချူဖြူတွေကို အသုံးပြုပြီး ကျင်းပလေ့ရှိပါတယ်။ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ဟာ ရပ်ဝေးရပ်နီးတွေမှာ ရှိနေကြပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းအရ ကွဲကွာနေကြတဲ့မိသားစုနဲ့ ဆွေမျိုးညာတိအားလုံး စုရုံးကြပြီး လက်ချည်မင်္ဂလာ ကျင်းပတာဖြစ်ပါတယ်။ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲဟာ လူမျိုးတမျိုးအနေနဲ့ ရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာ ချစ်ကြည်ရင်းနှီးကြမှုနဲ့ စည်းလုံးမှုရှိစေဖို့ ရည်ရွယ်တဲ့ ကရင်ရိုးရာထုံးတမ်းစဉ်လာ တရပ် ဖြစ်ပါတယ်။
5 years Ago

August 15, 2018

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပ

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဒီကနေ့ မနက် ပုသိမ်မြို့မြို့တော်ခန်းမမှာ ပထမဆုံးအကြိမ် ကျင်းပပါတယ်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက “တိုင်းရင်းသားအားလုံး ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်စေဖို့ ရည်ရွယ်ပြီး အခုလို ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပတာဖြစ်တယ်”လို့ ပြောပါတယ်။ လက်ချည်ပွဲလို့ခေါ်တဲ့ ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းကို ကရင်လူမျိုးတွေရဲ့ ရှေးအစဉ်အလာ ရိုးရာတစ်ခုဖြစ်ပါတယ်။ ကွဲကွာနေတဲ့ဆွေမျိုး ပြန်လည်တွေ့ဆုံရေး၊ မိသားစုတွေ ပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မာရေး၊ ရိုးရာယဉ်ကျေးမှုတွေ မပျောက်ကွယ်ဖို့၊ ကရင်လူမျိုးတွေ ကမ္ဘာတည်သရွေ့ ရပ်တည်ခိုင်မာစေရေးတို့အတွက် ရှေးကရင်လူကြီးတွေက သားစဉ်မြေးဆက် လိုက်နာကျင်သုံးဖို့ ထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာ ဖြစ်ပါတယ်။
5 years Ago
Up